Wednesday, January 29, 2014

ရခိုင်အရေးသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုသာဖြစ်ကြောင်း ဥရောပသမဂ္ဂသံအမတ်ကြီး ပြောကြား

Published on: January 30, 2014 Written by: စိုးထက်ခိုင် မြန်မာနိုင်ငံအနောက်ပိုင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပေါ်နေသော မငြိမ်သက်မှုများမှာ မြန်မာနိုင်ငံ၏ ပြည်တွင်းရေးဖြစ်စဉ် တစ်ခုအဖြစ် ဥရောပသမဂ္ဂမှ လုံးဝယုံကြည်လက်ခံထားကြာင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က စစ်တွေမြို့သို့ ရောက်ရှိစဉ်ပြောကြားသည်။ ဇန်န၀ါရီ ၂၉ ရက်က ရခိုင်ပြည်နယ် စစ်တွေမြို့ရှိ ပြည်နယ်အစိုးရရုံး၌ ဥရောပနိုင်ငံများမှ သံအမတ်ကြီးများ၊ သံရုံးတာဝန်ရှိသူများနှင့် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများတွေ့ဆုံပြီး ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့် အရေးကိစ္စများအတွက် ဆွေးနွေးမှုတွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်က ယခုကဲ့သို့ ပြောကြားသည်။ ၂၀၁၂ ခုနှစ် ဇွန်လအတွင်းက ဖြစ်ပွားခဲ့သည့် ကျောက်နီမှော်ကျေးရွာမှ ဖြစ်စဉ်ကြောင့် စတင်ခဲ့သော ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးပဋိပက္ခများနှင့် ပတ်သက်၍ ဥရောပသမဂ္ဂမှ ရခိုင်ပြည်နယ်သို့ ပထမဆုံးအကြိမ် လာရောက်လေ့လာခြင်းဖြစ်ပြီး လူမျိုးစုနှစ်စုအကြားတွင် တင်းမာမှုလျှော့ချနိုင်ရေးနှင့် ရခိုင်ပြည်နယ်အတွင်း လိုအပ်နေသော လူသားချင်းစာနာမှု အကူအညီများပေးအပ်နိုင်ရန် လာရောက်ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia က ပြောကြားသည်။ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဒုချီးရားတန်း ကျေးရွာ၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ကြပ်တစ်ဦး ကင်းလှည့်စဉ် အကြမ်းဖက်တိုက်ခိုက်ခံရသဖြင့် ပျောက်ဆုံးသွားခဲ့အပြီး ဘင်္ဂါလီလူမျိုး ၄၀ ကျော်အသတ်ခံခဲ့ရကြောင်း နိုင်ငံတကာသတင်းမီဒီယာများနှင့် ကုလသမဂ္ဂအဖွဲ့အစည်းများမှ သတင်းထုတ်ပြန်အပြီး နောက်တွင် မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂသံအမတ်ကြီး Mr. Roland Kobia အပါအ၀င် ဥရောပသမဂ္ဂနိုင်ငံများမှ သံအမတ်များပါဝင်သောအဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ဒုချီးရားတန်းဖြစ်စဉ်အပြီးနောက် ဘင်္ဂါလီအမျိုးသမီးနှင့် ကလေးငယ် ၄၀ ကျော် အသတ်ခံရသည်ဆိုသော သတင်းမှာ နိုင်ငံတကာကယ်ဆယ်ရေးဝန်ထမ်းများထံမှ ရရှိသည်ဆိုသော သတင်းအရင်းအမြစ်ကို BBC သတင်းဌာနမှ ဖော်ပြခဲ့ခြင်းသာဖြစ်ပြီး အမှန်တကယ်မှာ လုံခြုံရေးတာဝန်ထမ်းဆောင်နေသော ရဲတပ်ကြပ်တစ်ဦးသာ အသတ်ခံခဲ့ရခြင်းဖြစ်သည်ဟု ပြောကြားသည်။ “ဒီရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့အခက်အခဲကြီးဟာ ပြည်တွင်းရေးသက်သက်သာ ဖြစ်တယ်ဆိုတာ လုံးဝလက်ခံထားပါတယ်။ မနေ့က သတင်းစာရှင်းလင်းပွဲမှာလည်း ပြည်ထဲရေးဝန်ကြီးက ပြောသွားတဲ့အတိုင်း ဒီကိစ္စက ပြည်တွင်းရေးသက်သက်ဖြစ်တယ်ဆိုတာ ကျွန်တော်တို့အားလုံးက လက်ခံပါတယ်”ဟု Mr. Roland Kobia က ဆိုသည်။

No comments:

Post a Comment