Friday, October 14, 2011

ပဋိပက္ခကြားက မြန်မာနိုင်ငံ - အာရှရဲ့ ဘော့စနီးယား ဖြစ်နိုင်သလား

၁၉၉၈ ခုနှစ်က ကျနော် ခေတ်ဟောင်း ရခိုင်သမိုင်းကို လေ့လာနေတဲ့ အချိန်မှာ ဗမာ့သမိုင်းပ ညာရှင်ကြီး ဒေါက်တာသန်းထွန်းက နှစ်ပေါင်း ၃၀၀ ကျော် တည်တံ့ခဲ့တဲ့ မြောက်ဦးခေတ် ဘာကြောင့် ရုတ်တရက် ပျက်သုဉ်းသွားသလဲလို့ မေးပါတယ်။
အဖြေကို တစ်ခွန်းတည်းနှင့် ပေးပါတဲ့။ ကျနော်ရဲ့ အဖြေက စည်းလုံးမှု မရှိတဲ့အတွက် မြောက်ဦးခေတ် နိဂုံးချုပ်ရတဲ့ အကြောင်း ပြန်လည်ဖြေခဲ့ပါတယ်။  ရခိုင်ရဲ့ မြောက်ဦးခေတ်ဆိုတာ အေဒီ ၁၄၃၀ ကနေ ၁၇၈၄ ခုနှစ်အထိ နှစ်ပေါင်း ၃၅၄ နှစ် ကြာခဲ့ပါတယ်။ နှစ်ပေါင်း ၃၀၀ ကျော် အတွင်းမှာ တည် ဆောက်ခဲ့တဲ့ ကာကွယ်ရေး၊ နိုင်ငံရေး၊ စီးပွားရေး စနစ်တွေဟာ မုဆိုးဖို ရွာသူကြီး စတင် တည်ထောင်ခဲ့တဲ့ ကုန်းဘောင် မင်းဆက် ၁၇၅၂ က နှစ်ပေါင်း ၃၂ နှစ် အကြာမှာ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ 



ကျိုင်းတုံမြို့ အနီး ၀တပ်ဖွဲ့များ စစ်ရေးပြပွဲ

ဒီနေ့ မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားကို ကြည့်ရင် စည်းလုံးမှု ပျက်ပြားနေတဲ့အချိန် ဖြစ်ပါတယ်။ စစ်အစိုးရ အဆက်အဆက်ကို လက်နက်ကိုင် တော်လှန်နေတဲ့ ရခိုင်၊ ချင်း၊ ကချင်၊ ရှမ်း၊ ကရင်နီ၊ ကရင်၊ မွန် စတဲ့ တိုင်းရင်းသားများ အပါအ၀င် အဖွဲ့ပေါင်း ၂၀ ကျော် ရှိပါတယ်။ အချို့သော လက်နက်ကိုင် အဖွဲ့တွေဟာ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ထားကြသလို၊ အပစ်အခတ် ရပ်စဲရေး မလုပ်တဲ့ အဖွဲ့တွေလည်း ရှိနေပါသေးတယ်။ အပစ်အခတ် ရပ်စဲရေး လုပ်ခဲ့ကြတဲ့ အဖွဲ့တွေထဲမှာ UWSA၊ SSA-North၊ KIO တို့က အင်အားအကြီးဆုံးသော အဖွဲ့တွေ ဖြစ်ကြပါတယ်။ ၁၉၈၈ ခုနှစ် နောက်ပိုင်း စစ်အစိုးရရဲ့ ညံ့ဖျင်းတဲ့ နိုင်ငံရေး၊ စစ်ရေး မဟာဗျူဟာတွေကြောင့် အချို့သော လူမျိုးစု လက်နက်ကိုင် တပ်တွေဟာ အယင်ကထက် စစ်ရေး၊ နိုင်ငံရေးမှာ အင်အား တောင့်တင်းလာ ခဲ့ပါတယ်။
အဲဒီ အထဲကမှ “၀” လူမျိုးစု လက်နက်ကိုင်တပ် UWSA ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် တပ်တွေထဲမှာ အင်အားအကြီးဆုံး ဖြစ်ပါတယ်။ လက်နက်ကိုင် အင်အား (၂၅၀၀၀) နှစ်သောင်းခွဲနှင့် လက်နက် အပိုအလျှံ အရေအတွက်က (၃၀၀၀၀) သုံးသောင်းလောက် ရှိပါတယ်။ စစ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လုပ်ပြီးတဲ့ နောက်ပိုင်း မြန်မာနိုင်ငံရဲ့ စီးပွားရေးလုပ်ငန်း များစွာမှာ ဒေါ်လာ ဘီလီယံနှင့် ချီပြီး ရင်းနှီး မြုပ်နှံထားတဲ့ လက်နက်ကိုင် အဖွဲ့ ဖြစ်ပါတယ်။ စက်တင်ဘာလမှာ ထွက်ပေါ်လာတဲ့ ၀ီကီလိ သတင်းဖွင့်ထုတ်ချက် အရ ဆိုရင် UWSA က ရင်းနှီးမြုပ်နှံမှုငွေ ဒေါ်လာ ၂ ဘီလီယံ ရှိပါတယ်။
ဝမြို့တော် ပန်ဆိုင်းဆိုဟာ ကာစီနို လောင်းကစားရုံတွေ၊ ကမ္ဘာ့အဆင့်မီ ဆောက်လုပ် ထားတဲ့ ဟိုတယ်တွေနှင့် စည်ကားနေတဲ့ မြို့တော် ဖြစ်ပါတယ်။ ဗမာပြည်ကွန်မြူနစ်ပါတီ လက်အောက်မှ ခွဲထွက်တုန်းက လက်နက်ကိုင် အရေအတွက် ထောင်ဂဏန်းသာ ရှိခဲ့ပေမယ့် အခုချိန်မှာတော့ တပ်မဟာ (၈)  ခု ရှိတဲ့ အင်အားကြီး တပ်မတော်တရပ် ဖြစ်နေပါပြီ။
ကျနော်တို့ သိခဲ့တဲ့ “၀” လူမျိုးဆိုတာ စာမတတ်၊ ပေမတတ် တောင်ပေါ်သားတွေ အဖြစ်သာ သိခဲ့ပါတယ်။ အခုအချိန်မှာတော့ လက်နက်ငယ် ထုတ်လုပ်တဲ့စက်ရုံတွေ၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက်တွေ ပိုင်ဆိုင် ထားတဲ့ “၀” တပ်မတော် ဖြစ်နေပါပြီ။
ကချင်ဖက် ကြည့်မယ်ဆိုရင် ဌာနချုပ် “လိုင်ဇာ” ဆိုတာကလည်း မြို့ပြနိုင်ငံအဖြစ် တင်စား လို့ရတဲ့ အနေအထားကို ရောက်နေပါပြီ။ တာဝန် ထမ်းဆောင်နေတဲ့ တပ်သားအရေ အတွက်က (၁၀၀၀၀) တစ်သောင်းနှင့် အရန်တပ်သားက (၁၀၀၀၀) တစ်သောင်းရှိကြောင်း KIA တာဝန်ရှိသူတဦးမှ ပြောဆို ခဲ့ဖူးပါတယ်။ လက်နက်ငယ် ထုတ်လုပ်တဲ့ စက်ရုံတွေကို ပိုင်ဆိုင်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်ကလည်း တပ်မဟာ (၇) ခု၊ တပ်သား အရေအတွက် (၃၀၀၀) သုံးထောင်လောက် လှုပ်ရှားနေပြီး၊ လက်နက်ကိုင် အရေအတွက် (၇၀၀၀) လောက်ရှိတဲ့ သက်တမ်း အရင့်ဆုံး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ဖြစ်ပါတယ်။
ရှမ်းပြည်နယ်ဘက်ကို ကြည့်မယ်ဆိုရင် (SSA-South) တခုတည်းမှာတင် တပ်သား အရေအ တွက်က (၂၀၀၀၀) နှစ်သောင်း ၀န်းကျင်ရှိနေပါတယ်။ တိုင်းရင်းသားတွေရဲ့ လက်နက်ကိုင် တော်လှန်မှု သမိုင်းမှာ အင်အား အရေအတွက်အရ အများပြားဆုံး အချိန်လို့တောင် ပြောနိုင်ပါ တယ်။ လူမျိုးနွယ်စု များပြားလှတဲ့ နိုင်ငံတခုရဲ့ စည်းလုံးမှု ပြိုကွဲနေတဲ့ လက္ခဏာ အပြည့်ရှိတဲ့ နိုင်ငံတခု ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းလို့ရမှာ မဟုတ်ပါဘူး။ ပုဂံခေတ်ကနေ ကုန်းဘောင် မင်းဆက်အထိ မြန်မာ့သမိုင်းကို ပြန်ကြည့်ရင် တိုင်းရင်းသားတွေရဲ့ နယ်မြေ အေးချမ်း တည်ငြိမ်မှု မရှိဘူးဆိုရင် ဗမာပဒေသရာဇ် ဘုရင်တွေရဲ့ အုပ်ချုပ်ရေးဟာလည်း ဘယ်တော့မှ တည်ငြိမ်လေ့ မရှိပါဘူး။ ထီးနန်းစွန့်ရတဲ့ အနေအထားမျိုးကိုတောင် ရောက်တတ်တာကို တွေ့နိုင်ပါတယ်။
အခုလက်ရှိ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခင်းအကျင်းကို ကြည့်မယ်ဆိုရင် စစ်အစိုးရဲ့ တိုင်းရင်းသား ပြည်သူတွေအပေါ် ဖိနှိပ်မှုက အမြင့်ဆုံးကို ရောက်နေပါတယ်။ ပြည်တွင်း စစ်မီးလျှံ တောက်လောင်နေဆဲ။ တိုင်းရင်းသားအရေးနှင့် ပတ်သက်ပြီး ဗမာအပါအ၀င် တိုင်းရင်းသားလူမျိုးတွေ အတွင်းမှာလည်း အမြင်မတူမှုတွေ၊ စိတ်ဝမ်းကွဲမှုတွေ ရှိနေပါတယ်။ တိုင်းရင်းသားတွေအပေါ် ရာသက်ပန် ဖိနှိပ်ထားလိုတဲ့ စစ်အုပ်စုတွေနှင့် တိုင်းရင်းသားတွေ အပေါ် နားလည်နိုင်မယ်လို့ ယူဆရတဲ့ လစ်ဘရယ် ဒီမိုကရက် အင်အားစုတွေရဲ့ စိတ်ဝမ်းကွဲမှု ကလည်း ညှိနှိုင်းလို့ ရနိုင်မယ့် အနေအထား မရှိဘူးဆိုတာ ကျနော်တို့ မြင်တွေ့မြင်နိုင်ပါတယ်။
မြန်မာနိုင်ငံရဲ့ အိမ်နီးချင်း နိုင်ငံများကို ကြည့်မယ်ဆိုရင် တရုတ်နိုင်ငံရဲ့ အနေအထားဟာ စစ်အစိုးရ အပေါ်မှာ နိုင်ငံရေး၊ စီးပွားရေးအရ လိုက်လျောပြီး အမြတ်ထုတ်ဝါဒနှင့် ပေါင်းနေပေမဲ့ တဖက်မှာ “UWSA” ကို အင်အား တောင့်တင်းတဲ့ လက်နက်ကိုင် တပ်မတော် တရပ် ပေါ်ပေါက် လာအောင် ကူညီခဲ့တယ်။ ဒီနေရာမှာ ကျနော်တို့ အနေနဲ့ တူညီတဲ့ အမျိုးသားရေးနဲ့ အမှတ်အသားသရုပ် လက္ခဏာဟာ ပေါင်းစည်းမှု သဘောကို ဆောင်တယ်လို့ မှတ်ချက်ချနိုင်ပါတယ်။ “၀” တွေဟာ တရုတ် စကားပြောတဲ့လူမျိုး ဖြစ်နေပြီး၊ တရုတ်ထုံးတမ်း အစဉ်အလာကို နှစ်သက်မြတ်နိုးတဲ့ တိုင်းရင်းသား လူမျိုးစု ဖြစ်လေတော့ တရုတ်ရဲ့ သြဇာကို တည်ထောင်လို့ ကောင်းတဲ့ လူမျိုးစု အဖြစ် တည်ရှိနေပါတယ်။ “၀” လက်နက်ကိုင်တပ်ဟာ သဘောအရ ပြောရရင် နဂါးကြီးရဲ့ “ကုတ်တံ” ဖြစ်နေပါတယ်။
ဘော့စနီးယားစစ်ပွဲဟာ မြန်မာနိုင်ငံအတွင်းမှာ နေထိုင်နေတဲ့ တိုင်းရင်းသား ပေါင်းစုံ လေ့လာသင့်တဲ့ စစ်ပွဲတခု ဖြစ်တယ်။ ဘာသာရေး၊ လူမျိုးရေး မုန်းတီးမှု၊ ရုရှားအနွယ်ဝင် “ဆာ့ဗ်” လူမျိုးစု အပေါ်မှာ ရုရှားရဲ့ မြှောက်ထိုး ပင့်ကော်ပေးမှုကြောင့် ပေါ်ပေါက်ခဲ့တဲ့ စစ်အနိဌာရုံ အပြည့်နဲ့ မျိုးဖြုတ် သန့်စင်ရေး စစ်ပွဲဖြစ်ခဲ့ပါတယ်။
ကျနော့်နှင့် ဆွေးနွေးဖူးတဲ့ တိုင်းရင်းသား ခေါင်းဆောင်တချို့ဆိုရင် “၀” ရဲ့ အင်အား ကြီးထွားမှုကို အပြုသဘောဆောင်သော တိုင်းရင်းသားတွေရဲ့ အင်အားတစ်ရပ် အဖြစ် မြင်လေ့ရှိပါတယ်။ “၀” နယ်မြေဆိုတာ မြန်မာနှင့် တရုတ်ကြားမှာ ရှိတဲ့ ပြဿနာတွေ ပေါ်ပေါက်နိုင်တဲ့ အထိမခံတဲ့ နယ်မြေကော မဖြစ်နိုင်ပေဘူးလား။ ကမ္ဘာပေါ်မှာ ပေါ်ပေါက်ခဲ့တဲ့ စစ်ပွဲပေါင်း (၁၇၀၀) ကျော် ရှိတယ်လို့ ဟန်တင်တန်ရဲ့ “ယဉ်ကျေးမှုများ တိုးတိုက်မိခြင်း” စာအုပ်မှာ လေ့လာခဲ့ဖူးပါတယ်။ အများဆုံးကတော့ မတူညီတဲ့ ယဉ်ကျေးမှုတွေ အကြားမှာ ပေါ်ပေါက်ခဲ့တာလို့ ဆိုပါတယ်။ အထူးသဖြင့် “Fault Line” လို့ခေါ်တဲ့ နေရာတွေကနေ စတင် ပေါ်ပေါက်ခဲ့ကြောင်း တင်ပြထားပါတယ်။
“၀” ဒေသဟာ မြန်မာနိုင်ငံရဲ့ အက်ကြောင်းတခု မဖြစ်နိုင်ဘူးလား။
“၀” ရဲ့ အချုပ်အခြာပိုင်မှုကို ကြည့်ရင် လက်ရှိ အခြေအနေမှာ စစ်အစိုးရရဲ့ ထိန်းချုပ်မှု အောက်က လုံးဝ လွတ်ကင်းနေတာကို တွေ့ရပါမယ်။ ဗဟို အစိုးရကို အဓိကစိန်ခေါ်မှုလုပ်တဲ့ ထင်ရှားတဲ့ ဖြစ်ရပ်ကတော့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို လုံးဝ လက်မခံခြင်းနှင့် (၂၀၁၀) ရွေးကောက်ပွဲ ကို “၀” ဒေသမှာ လုံးဝ လုပ်ခွင့် မပေးခြင်းတို့ ဖြစ်ပါတယ်။ ခြုံကြည့်လိုက်ရင် “၀” ဒေသဟာ သီးခြားလွတ်လပ်တဲ့ နိုင်ငံတခုလို ဖြစ်နေပါတယ်။
အခု ရက်ပိုင်း တက်လာတဲ့ သတင်းတွေ အရဆိုရင် မြန်မာ စစ်ခေါင်းဆောင်တွေဟာ (UWSA) ကို ဖိအားပေးနေခဲ့တဲ့ နယ်ခြားစောင့်တပ် ဖွဲ့စည်းရေးကို စွန့်လွတ်ခဲ့ကြောင်း တွေ့ရတယ်။ ဒီသတင်းကို ကြည့်ရင် စစ်အစိုးရက (UWSA) ကို သွယ်ဝိုက်သောနည်းဖြင့် မြန်မာနိုင်ငံထဲက သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ် ပြုပေးလိုက်တာ ဖြစ်ပါတယ်။
မြန်မာ စစ်အာဏာပိုင်တွေဟာ ၂၀၀၉ ခုနှစ်မှာ ဖြစ်ပွားခဲ့တဲ့ သီရိလင်္ကာတပ်တွေက တမီးလ် လူမျိုးစုအပေါ် အပြတ်အသတ်၊ အမြစ်ပြတ် ချေမှုန်းလိုက်တာကို အလေးအနက်ထား လေ့လာခဲ့ကြတယ်လို့ အချို့သော မှတ်တမ်းတွေမှာ ဖတ်ရပါတယ်။ သိရိလင်္ကာ သင်ခန်းစာ အရဆိုရင် လက်ရှိ မြန်မာ့တပ်မတော်ရဲ့ အင်အားဟာ UWSA လို လက်နက်ကိုင် တပ်တွေကို အပြတ် ချေမှုန်းနိုင်ပါတယ်။ ဒါပေမယ့် မြန်မာစစ်ခေါင်းဆောင်တွေဟာ “၀” ကို မတို့မထိရဲ ဖြစ်နေတာကို ကြည့်ရင် သူရဲ့ နောက်ကွယ်မှာ ဘယ်သူတွေ ရှိနေလဲဆိုတာ ခန့်မှန်းနိုင် ပါတယ်။
ပြည်ပနိုင်ငံကြီး တခုက မြန်မာပြည်တွင်းရေးကို ကစားလိုတဲ့အချိန် ဘယ်အချိန်မဆို ကစားလို့ရတဲ့ အနေအထားမျိုးကို ရောက်နေပါပြီ။ စစ်အစိုးရကို တိုက်ခိုက်နေတဲ့  တိုင်းရင်းသား လက်နက်ကိုင်တပ် စုစုပေါင်း အရေအတွက်ဟာ (၈၀၀၀၀) ရှစ်သောင်းနှင့် တသိန်း အကြား ရှိနေပါတယ်။ ပြည်ပနိုင်ငံကြီး တခုက အစိတ်အပိုင်း အနည်းငယ်လောက် ၀င်ရောက် စွက်ဖက်လိုက်ရုံနှင့် လက်ရှိ မြန်မာနိုင်ငံရဲ့ အနေအထားဟာ အာရှရဲ့ ဘော့စနီးယားလို ဖြစ်လာနိုင်ကြောင်း။       ။
လှရွှေ
စာရေးသူ လှရွှေသည် ရန်ကုန်တက္ကသိုလ်တွင် ခေတ်ဟောင်းသမိုင်းကို လေ့လာခဲ့သည်။ နယ်စပ်ဒေသတွင် ရခိုင် သတင်းစဉ် အယ်ဒီတာ၊ ရခိုင်ပြည် အမျိုးသားကောင်စီ နိုင်ငံခြားရေး ကော်မတီအဖွဲ့ဝင်၊ ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသား ကောင်စီရုံးတွင် လက်ထောက် ဒါရိုက်တာအဖြစ် တာဝန်ထမ်း ဆောင်ခဲ့သည်။ သမိုင်းနှင့်နိုင်ငံရေး သိပ္ပံဘာသာရပ်ကို CDC တွင် တာဝန်ယူ သင်ကြားလျက်ရှိသည်။