Wednesday, September 12, 2012

စေတနာသည် လူတိုင်းနှင့်မတန်


၂၀၁၁ ခုနှစ် ဒီဇင်ဘာလထုတ် ရွှေအမြုတေမဂ္ဂဇင်းမှ ဆရာ နေသစ်လင်း၏ ဆောင်းပါးကို စာဖတ်ပုရိတ်သတ်များစိတ်ဝင်စားမည်ဟု ယူဆ၍ တင်ပေးလိုက်ပါသည်။ဆရာနေသစ်လင်းအား ခွင့်မတောင်းဖြစ်သည့်အတွက်တောင်းပန်ပါသည်။



နံနက်စောစော မှိန်းရင်း စားမြုံ့ပြန်လို့ ကောင်းနေတုန်း သခင်က ကန်ကြိုးကို ဆွဲပြီး ခြေထောက်ဖြင့် ပိတ်ကန်၍ နှိုးလေသည်။
သူလည်း လေးဖက်ထောက် ထ၍ ပျင်းကြောဆန့်ရင်း လေးလေးပင်ပင် ထလိုက်သွား၏။ သူ့အား လှည်းထမ်းပိုး၌ တပ်လိုက် သောအခါ ရှူးခနဲ သက်ပြင်းချ လိုက်မိသည်။ ပြီးမှသေးကို စိမ်ပြေနပြေ ပေါက်ပြီး အီးပါ ချလိုက်သောအခါ လန်းလန်းဆန်းဆန်း ဖြစ်သွား လေတော့၏။

မလန်းဆန်း လို့လည်း မဖြစ်။ နေ့တစ် နေ့တာ၏ ပင်ပန်းမှု လုပ်ငန်း စရတော့မည် မဟုတ်လား။ ရှေ့တိုးတော့ ထမ်းပိုး၊ နောက်ဆုတ်တော့ လှည်းဘီး၊ ပျင်းနေလျှင် နှင်တံစာ မိခံရမည့် သူတို့ဘ၀ တွေကလည်း မလွယ်လှပါ။ ကိုယ့်အပေါ် မတရားဆဲ၊ မတရားခိုင်း၊ မတရား လုပ်လို့မှ ဘယ်သူ့ သွားတိုင်ရမှန်း မသိသည့် ကူရာမဲ့ ဘ၀တွေ ဖြစ်၏။

မနိုင်ဝန်ကို ဆွဲခိုင်းပြီး သံချွန်နှင့် ဆောင့်ထိုးတတ် သည့်လူက မရှား၊ နေပူပူမှာ ကုန်းရုန်းရင်း ကျောပြင်ပေါ် ဗြောတင်ချင်သည့် လူကမရှား၊ သားဆဲ မယားဆဲ ဆဲချင်သည့် လူက အဖုံဖုံနှင့် သူ့ဘ၀မှာ လူတော်တော် များများ တွေ့ဖူးပြီးသား ဖြစ်၏။ ထိုသို့ အတွေ့ အကြုံ များသော်လည်း သူတို့ အပေါ်သို့ စာနာသနား နားလည်တတ်သည့် လူဟူ၍ တစ်ယောက်မျှ မတွေ့ခဲ့ဖူး သေးဟု သူထင်သည်။ ကံကောင်းလျှင်သာ သူတို့ အလုပ်၌ ခိုင်းရ အဆင်ပြေ စေရန် အကျိုးလို၍ ညောင်ရေလောင်း တတ်သည့် လူမျိုးနှင့်သာ တွေ့ရတတ် ခြင်းဖြစ်၏။ မည်သို့ပင် ပြောပြော ထိုလူမျိုးနှင့် ဆုံတွေ့ရလျှင်ပင် သူတို့ ဘ၀လေးတွေ စိုစိုပြည်ပြည် ရှိကြရ သဖြင့် ကျေးဇူးရှင်ဟု မှတ်ယူ ရတော့သည်။

ယခု သူ့သခင် သောင်းမြင့် ဆိုသည့်လူက သူ့ဘ၀၏ စတုတ္ထမြောက် သခင်ဖြစ်၏။ နွားပျို ဘ၀တုန်း ကတော့ အဘိုးကြီး ဦးပေါက်ကျိုင်း လက်ထဲမှာ နေခဲ့ရ လေသည်။ ထိုအချိန်တုန်း ကတော့ ကံကောင်း ထောက်မစွာ သူ့ခြေ၊ သူ့လက် ဆိုသလို အနည်းငယ် ဖြစ်ခဲ့ ရသေး၏။ ဦးပေါက်ကျိုင်းမှာ အဘိုးကြီး ဆိုတော့ သူ့ကို နိုင်အောင် မထိန်း နိုင်ခဲ့ပေ။ ထို့ကြောင့်တစ်ပတ် တစ်ခါဆို သလို ထွက်ထွက် ပြေးပြီး နွားပျို လှည့်နိုင်ခဲ့ သေး၏။ လှည်းတို့ ဘာတို့ဆို လျှင်လည်း သူထင်ရာ ဆောင့်ဆွဲ၍ တစ်ဖက်ကကောင် သူ့ဘက်ပါ လာအောင် ဂျစ်ကန်ကန် လုပ်နိုင်ခဲ့ သေး၏။ တစ်ခါတလေ ဆိုလျှင် စိန်ခေါ်ပွဲတွေ ဘာတွေနှင့် ပင်တိုး၍ သူတို့နွားချင်း ဝှေ့လိုက်ကြ သေးသည်။

ထို့ကြောင့် ဦးပေါက်ကျိုင်းက သူ့ကို မနိုင်ဟုဆို ကာ နောက်လူ လက်ထဲသို့ ရောက်ခဲ့ရ ပြန်တော့သည်။ ထိုလူမှာ ဦးလှရွှေ ဆိုသူ ဖြစ်၏။ ထိုလူသည် နွားသမား ယောင်ယောင်ဖြစ်၏။ နွားတွေကို ပြုစုသလောက် ညှဉ်းလည်း ညှဉ်းဆဲ နိုင်သူဟု ထင်မိလေသည်။ တစ်ကောင်တည်း လှည်းတပ်ပြီး ပြေးခိုင်း ရတာနှင့်၊ နှစ်ကောင် လှည်းတပ်ပြီး ပြေးခိုင်း ရတာနှင့် မျိုးစုံအောင် ခိုင်းတတ်၏။ သူ့ဘ၀ သည်လည်း ထိုလူ့ လက်ထဲမှာပင် နွားညွန့်တုံး ခဲ့ရခြင်း ဖြစ်လေသည်။

သူ့အား တိုင်နှစ်လုံး ကြားထဲသို့ ထည့်၍ မလှုပ်နိုင်အောင် ချုပ်ပြီး ဘယ်ဘက်က အလုံးကို ညှပ်လိုက်၊ ညာဘက်က အလုံးကို ညှပ်လိုက်နှင့် ညှဉ်းဆဲခဲ့သည့် ဦးလှရွှေအား သူ့တစ်သက် မေ့နိုင်တော့မည် မထင်ပေ။ နာလိုက်သည့် ဖြစ်ခြင်း။ အသားတွေ တဆတ်ဆတ် တုန်၍ မျက်ရည် ပိုးပိုးပေါက်ပေါက် ကျသည်အထိ နာခဲ့ ရလေသည်။ တစ်ပတ်လောက် အထိ နာကျင် နေခဲ့ပြီး ပါးစပ်တွေ ပျက်၍ အစာစားလို့ မကောင်း၊ ရေသောက်လို့ မကောင်း၊ လမ်းသွားလျှင် ကွတ ကွတနှင့် ဖြစ်ခဲ့ ရသေး၏။ ထို့ထက် ဆိုးသည်မှာ ကိုယ့်ရှေ့၌ လိမ်ဖည်လိမ်ဖည် လျှောက်ပြသည့် နွားမချောချော လေးတွေ မြင်လျှင် ရင်ထဲမှာ အောင့်အောင့်ပြီး နာကျင်ရသည့် ခံစားမှု ဖြစ်လေတော့သည်။ ထိုအဖြစ် ကြောင့်ပင် ဦးလှရွှေကို သူ့တစ်သက် မမေ့။

တတိယ လူကတော့ ဘယ်လိုလူမှန်း မသိ။ နွားကျောင်းဖို့ ပျင်းသလောက် ရိုက်ဖို့၊ ဆဲဖို့ ၀ါသနာ ကြီးလှသည်။ သူ့လက်မှာ ဘယ်တော့မှ ၀၀လင်လင် စားရသည် မရှိ။ ဆီ၊ ဆား၊ ငါးပိ မလိုသည့် မြက်ပင်လျှင် ၀အောင် မကျွေးတော့ သူတို့လူတွေ ဘယ်လို နေပါလိမ့် ဟုပင် တစ်ခါတလေ တွေးမိသေးသည်။ အစား၀၀ မစား ရသလို အိပ်ရတော့လည်း စိုစိစိ နှင့်ပင် ဖြစ်၏။ ထိုသို့ဆိုတော့ သူ့မှာ ကောင်းကောင်း အိပ်မပျော်နိုင်။ ထလိုက်၊ အိပ်လိုက်နှင့်ပင် ကြက်အိပ်ကြက် နိုးဆိုသည့် စကားပုံကို မှီ၍ နွားအိပ်နွားနိုး ဖြစ်ခဲ့ရ လေသည်။ တစ်ခု ကံကောင်းသည်မှာ သူ့လက်ထဲ၌ ကြာကြာ မနေရဘဲ တစ်နှစ်လောက်သာ နေခဲ့ရခြင်း ဖြစ်တော့သည်။ တကယ့် ငရဲမှ တကယ့် ငရဲပဲ ဖြစ်မည်ဟုပင် ထင်မိလေ၏။

နောက်လူသောင်းမြင့် လက်ထဲ ရောက်စ၌ ယခင်က အစားကောင်းကောင်း မစားရဘဲ ပိန်ချုံး ချည့်နဲ့သည့် ဒဏ်ကြောင့် နွားမ တစ်ကောင်နှင့်တောင် ယှဉ်ပြိုင်၍ မဝှေ့ရဲအောင် ဖြစ်ခဲ့ရ သေးသည်။ လူတွေလိုသာ ဆိုလျှင် ထဘီဝတ်ထား ဟုပင် အပြော ခံရမည်လား မသိ။

တွေးကောင်းကောင်းနှင့် တွေးလျှောက်နေတုန်း တစ်ခုခုနှင့် ငြိပြီဟု သတိပြု လိုက်မိချိန်၌ ကျောပေါ်သို့ နှင်တံက ကန့်လန့်ဖြတ်၍ ကျလာတော့၏။ အနည်းငယ် အတွေးလွန်၍ သတိ လစ်စဉ်မှာ တွန်းကွေ့ လိုက်မှုကြောင့် ငြိသွားရခြင်း ဖြစ်လေသည်။

ပြောရဦးမည်။ သောင်းမြင့်ဆိုသည့် သခင်ကလည်း လူထူးလူ ဆန်းပင်ဖြစ်၏။ လှည်းတို့ဘာတို့ မောင်းလျှင် သူသတိ ရလျှင်လည်း နှင်တံနှင့် တောက်လျှောက် တို့နေတတ်ပြီး တစ်ခါတလေ ကျတော့ ငြိမ်နေတတ်၏။ အကဲခတ် ရသလောက် တစ်ခုခုကို တွေး၍ လှည်းမောင်းရန် မေ့နေသည့် ပုံမျိုးဖြစ်၏။ ထိုအချိန်  မျိုးဆိုလျှင် လှည်းရပ် မနေရန်သာ လိုသည်။ အိပဲ့ အိပဲ့နှင့် သွားလည်းရ၏။ လမ်းဘေးနားမှ အစာကို ဆွဲစားလည်း မည်သို့မျှ မဖြစ်ပေ။ ကြုံ တွေ့ဖူးသည့် သခင်များထဲ တွင်တော့ သူက လူမှန်ဖြစ်၏။ တစ်ခါတစ်ရံ စိတ်တို၍ အနည်းငယ် ရိုက်တာဆဲတာ ကလွဲလျှင် သဘောကောင်း သည်ဟု ဆိုရမည် ဖြစ်သည်။ အစားချိန်တန် အစား၊ ရေချိန်တန် ရေ တိုက်၍ အိပ်ချိန်ဆို လျှင်လည်း ပြောင်ပြောင်ရောင်ရောင် အိပ်ရလေ့ ရှိ၏။

တစ်ခါတုန်းက အဖြစ်အား မှတ်မိ နေသေးသည်။ နံနက်စောစော စားမြုံ့ပြန်ပြီး နွားပျိုဘ၀ တုန်းက နွားပျို လှည့်ခဲ့ဖူးသည့် အကြောင်း စဉ်းစားနေခိုက် သခင်က သူ့အနား ကပ်လာသည်။ စိတ်ထဲ၌ ပီတိ အဟုန်ဖြင့် တွေးနေခိုက် အနားသို့ လူကပ် လာသဖြင့် လန့်ပြီး ကန်လိုက်မိ၏။

သူ့သခင်မှန်း သိလိုက်ရ ချိန်တွင် သခင်မှာ ငုတ်တုတ်ထိုင်၍ မျက်နှာကြီး ရှုံ့မဲ့ရင်း ညှို့သကျည်းအား လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင် နေတော့၏။ တော်တော်နှင့် မည်သည့် အသံမှ ထွက်မလာ နိုင်ခဲ့ပေ။ ထိုမျက်နှာအား မြင်မိတော့ နွားပြုံးလေးပင် ပြုံးလိုက်မိ သေးသည်။ သို့သော်လည်း သိပ်ကြာကြာတော့ မဟုတ်။ သခင်မှာ နာတာ အနည်းငယ် သက်သာ သွားသည်နှင့်-
“အေပေးနွား၊ လူကို နင့် အမေလင်များ မှတ်နေလား”

ပြောပြောဆိုဆို သူ့အား ခြေထောက်နှင့် ပိတ်ကန် လေတော့၏။ သူက မမှု။ မမှုသည့် အပြင်-
“ကျုပ်အမေ လင်က ဘယ်သူမှန်း မသိ ဖြစ်နေတာ၊ လက်စသတ်တော့ ခင်ဗျားလား”

သခင်၏ အပြောအား သူ့စိတ်ထဲ၌ ထိုကဲ့သို့ပင် ပြန်ပြောလိုက်မိ ခဲ့သေးသည်။ သူ ပြောသည်ကို သူ့သခင်မှ နားလည်၊ မလည်တော့ သူလည်း မသိပေ။
ထိုနေ့ တစ်နေ့လုံးတော့ သောင်းမြင့်ဆိုသည့် သူ့သခင်သည် သူ့ကို ကြည့်သည်နှင့် စောင်းစောင်းကြီး ကြည့်နေတော့သည်။ နွားစားကျက် ထဲ၌ နည်းနည်းပါးပါး ခြေရှည်မိလျှင် လေးခွနှင့် လှမ်းထုတော့၏။ ထိုနေ့ တစ်နေ့လုံး သူ့၌ နွားအခွင့် အရေးဆုံးရှုံး ရလေတော့သည်။

ချိုသွေး ပြန်ပြီလား၊ သွေးပြန်ပြီ။ တွန်ပြန်ပြီလား၊ တွန်ပြန်ပြီ။ ငေးနေ ပြန်ပြီလား၊ မစားဘဲနှင့် ငေးနေပြန်ပြီ။ ကစားပြန် ပြီလား၊ တခြားနွား တွေကို သွားနှောင့်ယှက် ပြန်ပြီ ဖြစ်နေလေ တော့၏။ သို့သော်လည်း သူ့ သခင်သည် ယနေ့ ပြဿနာအား နောက်နေ့ အထိတော့ ယူမလာ တတ်ပေ။ သို့သော်လည်း အဆဲခံရ လွတ်သည့် နေ့ဟူ၍ တစ်နေ့မှတော့ မရှိတတ်ခဲ့။ သခင် ဖြစ်သူ၏ သတ်မှတ် မထားသော စည်းကမ်းများ အောက်တွင် တစ်ခုမဟုတ် တစ်ခုနှင့်တော့ ငြိစွန်း နေတတ်မြဲပင် ဖြစ်၏။

မည်သို့ဖြစ်စေ ယခုအချိန် သူ့ဘ၀သည် နွားမချောချော လေးတွေ မြင်လျှင်လည်း အဝေးက နေ၍ လှမ်းချစ် နေရ၏။ နွားမ ရုပ်ဆိုးဆိုး ဆိုလျှင်လည်း ထို နည်းလည်းကောင်းပင်။
နွားအို မြက်နုကြိုက်သည် ဟုဆိုဆို။ သေခါနီး ရိက္ခာ ယူသည်ဟုပင် ပြောပြောပါ။ သူ့ဘ၀မှာ နွားမတမ်း မလေး တစ်ကောင်လောက်နှင့် အင်မတန် အပြော ကျယ်လှသော နုနုထွေးထွေး မြက်ခင်းပြင်ကြီး တွင်-
“ဒုန်း”
သူ၏စိတ်တို့ အဝေးသို့ လွင့်စဉ်သွား လေတော့သည်။ အဘယ်ကြောင့် ဆိုသော် တစ်ထွာကျော်ကျော် ခန့်ရှိသော ငုတ်အား လှည်းဘီးမှ တက်နင်း သွားသဖြင့် လှည်းချိုင့် သွားသောကြောင့် ဖြစ်၏။
ထိုနောက် ဆဲသံအတုံး အတစ်လိုက် နှင့်အတူ ကျောပြင်ပေါ်သို့-
တစ်ချက်...။
နှစ်ချက်...။
သုံးချက်...။
“တော်တော် ဟုတ်တဲ့လူ၊ ရိုက်လည်း ရိုက်သေး၊ ဆဲလည်း ဆဲသေး”
ဟု တွေးရင်း ခြေကုန်ထုတ်၍ ပြေးမိ လေတော့သည်။
နေလုံးက ကျောပြင်ပေါ်သို့ တည့်တည့် ရောက်ချိန်၌ သူတို့ သခင်တူ ညီအစ်ကို နှစ်ကောင်အား အစာစားချိန် အဖြစ် သတ်မှတ်ပေး လေတော့သည်။ တစ်မနက်လုံး ယာထွန်ခြင်း အလုပ်အား သခင် ခိုင်းသမျှ လုပ်နေရ သဖြင့် သူတို့ နှစ်ကောင်လုံး ဟောဟဲ လိုက်နေကြ၏။ ထို့ကြောင့် ပခုံးနာအောင် တင်၍ ရုန်းရသော ထွန်ထမ်းပိုး ဖြုတ်ပေးသော်လည်း ချက်ချင်းအစာ မစားနိုင်သေး။ ရှူသွင်းနေရ သည့်လေ နင်မသွား စေရန် အသက်ရှူသံ ပုံမှန် ပြန်ဖြစ်အောင် အားထုတ်ရ သေး၏။ ပြီးမှ အစာစားရန် ခြေလှမ်း စတင် လှမ်းရတော့၏။

ပူပြင်းသော နေရောင်အောက်တွင် ချိုးမွေးခါမွေး နုတ်သလို မြက်ပင်များအား တဗြုတ်ဗြုတ် ဆွဲစား နေရင်းမှ သူ၏ ညာဘက်စောင်းစောင်း ၌ ရှိသော တောင်ပို့ယောင် လေးကို သူသဘောကျ နေမိသည်။ ချိုဖျားတွေ ယားကျိကျိ ဖြစ်လာသလို စိတ်ထဲမှာလည်း ယားကျိကျိ ဖြစ်လာနေ၏။ ထို့ကြောင့် အစာငုံ့စား နေရင်းမှ သူ၏နောက်ဘက် သစ်ပင်အရိပ် အောက်၌ ရှိနေသော သူ့သခင် အရိပ် အခြည်အား နားရွက်နှစ်ဖက် နောက်ပစ်၍ အကဲခတ် ကြည့်လိုက်သည်။ သူ့သခင်သည် အရိပ်ကောင်းကောင်း သစ်ပင်အောက်၌ ခမောက်အား ခေါင်းအုံးလုပ်၍ မှိန်းနေလေပြီ။ ထို့ကြောင့် အခုနက လက်ယပ် ခေါ်နေသော တောင်ပို့ ယောင်လေးဆီသို့ ခပ်သွက်သွက် ချဉ်းကပ် လိုက်လေတော့၏။

အနားသို့ ရောက်သောအခါ ရှေ့ခြေထောက် နှစ်ဖက်အား အဆစ်မှ ခွေထောက်၍ တောင်ပို့ ယောင်လေး၌ ဘယ်ပြန်ညာပြန် ချိုသွေးပစ်လိုက် လေသည်။ မြေကြီးစိုပျော့ ပျော့များမှာ သူ့ချိုဖျား ဒဏ်ကို မခံနိုင်ဘဲ ဖွာခနဲ ဖွာခနဲ လန်ကျ သွားကုန်၏။ အချို့လည်း သူ့ချိုဖျား၌ ကပ်ပါလာကြ လေသည်။

စိတ်အယားတွေ ပြေသွားတော့မှ လေးဖက်လုံး မတ်မတ်ရပ်၍ လက်ခမောင်း ခတ်လိုက်ရင်း အားရပါးရ တွန်ပစ်လိုက် လေသည်။
“၀က်ဟမ်း ...၀က် ...ဟမ်း”
“အဲဒါ သေချင်လို့ တွန်နေတာလား၊ စားဖို့ရှိ စားတာ မဟုတ်ဘူး။ ငါလေးခွနဲ့ လှမ်းထုလိုက်ရ”

သူ့သခင်အား လည်ပြန်လှည့်၍ ပေစောင်းစောင်း ပြန်ကြည့်လိုက်သည်။ သိပ်ကြာကြာ ကြီးတော့မဟုတ်။ သူ့ သခင် လက်ထဲ၌ လေးခွ ကိုင်ထားသည်ကို လှမ်းမြင်လိုက် ရသဖြင့် အသာအယာ ခေါင်းလေး ပြန်ငုံ့၍ မြက်ပင်တွေကို တဗြုတ်ဗြုတ် ဆွဲစား လိုက်ရပြန်၏။ သူ့လုပ်ဖော် ကိုင်ဖက် အကောင်မှ “ဒီကောင်တော့ အတီးခံရ ပြန်တော့မှာပဲ” ဆိုသည့် အကြည့်နှင့် သူ့အား ကြည့်နေလေ၏။

အမှန်တော့ သည်ကောင့်အား သူ့သခင်က မီးစွပ်ဟု ခေါ်သည်။ သောင်းမြင့် လက်ထဲသို့ သူ့ထက် နောက်ကျပြီးမှ ရောက်လာသူ ဖြစ်သဖြင့် သူ့တပည့်လည်း ဖြစ်၏။ သူ့သခင်က သူကိုတော့ နကျား (နွားကျား) ဟု ခေါ်လေသည်။ ဆရာ နကျားနှင့် တပည့်မီးစွပ် ဖြစ်၏။

တစ်ခါတစ်ရံ သခင်လစ်၍ “ဒီနား စားရတာ မကောင်း၊ ဟိုဘက် ယာစပ်နားမှာ မြက်အသစ်တွေ သွားစားမယ်” ဟု သူ ရှေ့မှ သွားလျှင် မီးစွပ်က နောက်က လိုက်ရ၏။ တစ်ခါတစ်ရံ အိမ်မှာနေ၍ နှစ်ကောင်နီးနီး ကပ်ကပ် ချည်ထားလျှင် ချိုဖြင့်ဝှေ့၍ သူ့အား လျက်ခိုင်းလျှင် မီးစွပ်က လျက်ပေးရလေ့ ရှိ၏။ ထို့ကြောင့်လည်း နှစ်ကောင် အတူတူ ပြုသမျှ အပြစ်အတွက် သခင်၏ အဆူအဆဲ ဆိုလျှင်တော့ သူက ရှေ့ဆုံးက ခံရလေ့ ရှိလေသည်။

သခင်၏ အဆူအဆဲ တစ်ခါ ခံရပြီးနောက် နှစ်ကောင်သား ငြိမ်၍စားနေ လိုက်ကြသည်မှာ ဗိုက်ထဲတွင် တော်တော်တင်းတင်း ရှိသွားလေ၏။ ထိုအခါ သူ့အနေနှင့် ရေဆာ လာလေသည်။ ထို့ ကြောင့် အစာ စားသည်ကို ရပ်၍ ကန်ဘက်သို့ ကြည့်လိုက်၏။ ကန်ဘက်သို့ ကြည့်ပြီးသော် သူ့သခင် ဘက်သို့ တစ်ချက်လှမ်းကြည့် ပြန်လေသည်။ သူ့သခင် ကတော့ သူတို့ကို ရေတိုက်ရအောင် မောင်းမည့်ပုံ မပေါ်သေး။ သစ်ပင်ရိပ် အောက်၌ ပက်လက်လှန်၍ အချိန်တွေကို ဖြုန်းတုန်း ရှိသေး၏။ ထို့ကြောင့် သူကန်ဘက်သို့ ထွက်လာ ခဲ့လေသည်။ မီးစွပ်က နောက်မှ အလိုလို ပါလာ လေတော့၏။

ရေတ၀ သောက်ပြီးတော့ ခေါင်းထောင်၍ တောင်ကြည့်မြောက်ကြည့် ကြည့်မိသည်။ သူ့စိတ်ထဲ၌ အခြား နွားသံလိုလို ဘာလိုလို ကြားလိုက်မိ၍ ဖြစ်၏။ ပြီးနောက် ရွှံ့ညွန် ထူထူတွင် ချိုကို အားရပါးရ သွေး၍ စားကျက်သို့ ပြန်ရန် ကုန်းပေါ်သို့ တက်လိုက်လေသည်။

“၀က်စ်ဟမ်း...၀က်စ် ဟမ်း”
သူကုန်းပေါ်သို့ ပြန်ရောက်ချိန်၌ တစ်ဖက်မှ လှမ်း၍ စိန်ခေါ်သံ ကြားလိုက်ရ၏။ နားရွက်ထောင် ကြည့်လိုက်တော့ နွားနှစ်ကောင် ရေသောက်ဆင်းလာတာ မြင်လိုက်ရသည်။ ပါးစပ်မှလည်း တဟမ်းဟမ်း တွန်လာ၏။ သူ့စိတ်ထဲ တင်းခနဲ ဖြစ်သွားသည်။

ဒါ သူ့ကို နွားနွားချင်း လှမ်းပြီး ဆဲနေတာ မဟုတ်လား။
ထို့ကြောင့် ကန်ပေါင်ပေါ်သို့ တက်၍ ထိုငနဲ ဆီသို့ ခြေလှမ်း ပြင်လိုက်လေသည်။ တစ်ဖက် ကောင်ကလည်း ရေပင် ဆင်းမသောက်ဘဲ ကန်စပ်၌ ကပျာကယာ ချိုသွေး၍ လက်ခမောင်း နှစ်ချက် ခတ်လိုက်၏။ ထို့နောက် သူ့ဆီသို့ ရန်လိုသော အကြည့်များဖြင့် လျှောက်လာလေသည်။
“၀က်စ်ဟမ်း...၀က်စ် ဟမ်း”

“အံမယ် ...ဒီငနဲက တွန်တာတောင် ရိုးရိုး မတွန်ဘဲ ဘိုသံပေါက်အောင် တွန်နေသေးတယ်”
ဟု တွေးလိုက်မိ၏။ တစ်ဆက်တည်းပင်-
“ဒါမျိုး တစ်ပွဲတစ်လမ်း အကဲ စမ်းချင်နေတာ အံကိုက်ပဲ”
ဟု တွေးရင်း သဘောကျစွာ စိန်ခေါ် လိုက်လေသည်။

“၀က်ဟမ်း...၀က် ဟမ်း”
နှစ်ကောင်သား မျက်နှာချင်း ဆိုင်မိကြတော့ တစ်ကောင်နှင့် တစ်ကောင် အကဲခတ် နေကြသေးသည်။ ပြီးမှ ခေါင်းချင်းတည်၍ တစ်လောထိုး ဆောင့်ဝှေ့ ဝှေ့ လေတော့၏။ အားချင်းကတော့ သူမသာ ကိုယ်မသာဟု တွက်လိုက်သည်။ နောက်ပိုင်း သက်လုံနှင့် သမ္ဘာက စကား ပြောလိမ့်မည်ဟု ခန့်မှန်းမိ၏။ ထို့ကြောင့် ခေါင်းချင်းတည်၍ တစ်ကောင်နှင့် တစ်ကောင် တောင့်ခံထားရင်း ချက်ကောင်း စောင့်နေကြသည်။

ထိုအချိန် စားကျက်၌ မှိန်းကျန်ခဲ့သော သူ့သခင် ရောက်လာသလို တစ်ဖက်မှ ကောင်၏ အရှင်လည်း ရောက်ချလာ လေတော့၏။ သူ့သခင် ကလည်း တစ်ခုခု ဖြစ်မှာ စိုးရိမ်စိတ်ဖြင့် ဆဲနေ သကဲ့သို့ တစ်ဖက်အရှင် ကလည်း မှိုချိုး မျှစ်ချိုး နှစ်ပြား မတန်အောင် သူတို့ကို ဆဲနေ ကြတော့၏။ သို့သော်လည်း သူတို့နှစ်ကောင် အနားသို့ မည်သူမျှ ကပ်ပြီး မဖျင်ရဲကြ တော့ပေ။

သူတို့လည်း ဒုတိယ အကြိမ် တစ်ကောင်နှင့် တစ်ကောင် ၀ရုန်းသုန်းကား ဝှေ့လိုက်ကြ ပြန်သည်။ ယခုလို အချိန်၌ ပင့်ချို မိသွားလျှင် ပွဲပြီး နိုင်လေသည်။ သို့သော်လည်း သူ့ဘက်က သတိလက်လွတ် မခံ သကဲ့သို့ တစ်ဖက်မှလည်း အမှားမရှိ။ ထို့ကြောင့် ဒုတိယ အကြိမ် ခေါင်းချင်း တည်ထားရင်း တစ်ပတ် ပြည့်သွားအောင် ပတ်ချာလည် လှည့်လိုက်ကြရ ပြန်၏။

သူ့သခင်က တစ်ဖက်ကောင်၏ နောက်သို့ ရောက်သွားသည်။ ခမောက်ကို လက်မှကိုင်၍ စိုးရိမ်စွာ ကြည့်နေသည်ကို သူ လှမ်းမြင် နေရလေသည်။
တစ်ဖက်ကောင်မှာ သက်လုံရော ခွန်အားရော မဆိုးလှ။ သူ့ထက်သာ သယောင်ယောင် ရှိသည်။ သို့သော်လည်း သမ္ဘာ အနေနှင့်တော့ သူ့ကို မမီသေးဟု တွက်မိ၏။ ထို့ကြောင့် ဆိုင်ထားသော ခေါင်းကို မဆိုစလောက် လျှော့လျှော့ကြည့်သည်။ တစ်ဖက်ကောင်က အလျှော့မခံ။ ဆတ်ခနဲ ဆတ်ခနဲ လိုက်လိုက်ကပ်၏။ သူလိုချင် သည်မှာလည်း ထိုအရာပဲ ဖြစ်လေသည်။ ထိုကြောင့် ကန်အားများကို နောက်ခြေထောက် နှစ်ချောင်းပေါ် စုထည့်၍ ရှေ့ခြေ ထောက်တစ်ချောင်းကို တစ်လှမ်း တိုးနိုင်ရန် အသင့်အနေ အထား အနည်းငယ် လျှော့၍ ကြွထားလိုက်၏။ ယခုတစ်ကြိမ် ခေါင်းကို အနည်းငယ် လျှော့ပေး၍ တစ်ဖက်မှ ဆတ်ခနဲ လုပ်လိုက်လျှင် ပွဲက ပြီးပြီဟု သူအပိုင် တွက်လိုက်လေသည်။

ပွဲသိမ်း တိုက်ကွက်ဆင် ရန်သူ ဆုံးဖြတ်ချက် ချလိုက်တော့၏။
နိုင်ခြေကတော့ သူ့ဘက်မှာ ရှိပါသည်။ သို့သော်လည်း ကံကြမ္မာက သူ့ကို မျက်နှာသာ မပေးပြန်တော့။ အဘယ်ကြောင့် ဆိုသော် သူ့သခင်က ရှေ့ကို အနည်းငယ် တိုးလာ၍ ဖြစ်၏။ အကယ်၍ သူ့အစီ အစဉ် အတိုင်းသာ လုပ်လိုက်ပါက တစ်ဖက်ကောင်မှာ နောက်သို့ ဆုတ်ပြေး ပြေးရမည်မှာ အမှန်။ ထိုသို့ အပြေး၌ သူကလည်း နောက်ကနေ လိုက်ကော်ရ ပေလိမ့်မည်။ ထိုအခါ သူ့သခင်မှာ မည်သို့မှ ရှောင်သာတော့မည် မဟုတ်တော့ပေ။ သူ့အနေနှင့် ဂုဏ်သိက္ခာ အရ အနိုင် လိုချင်သော်လည်း သခင်ဖြစ်သူ ကိုတော့ ဒဏ်ရာ အနာတရ မဖြစ်စေချင် သဖြင့် အစီအစဉ် ပြောင်းလိုက်ရ တော့သည်။

ထိုအစီ အစဉ်အရ သူဘေးသို့ ရှောင်ထွက်၍ ရေထဲ သို့ ဗွမ်းခနဲ ခုန်ချ လိုက်ရခြင်း ဖြစ်၏။ ဒါတောင်မှ တစ်ဖက် ကောင်က သူနောက် အဆုတ်မှာ တစ်ချက် ကော်လိုက်သဖြင့် နံဘေး နည်းနည်း အောင့်ခံလိုက်ရ သေးသည်။ သည်လောက်တော့ သူ့အတွက် အသေး အမွှားပဲ ဖြစ်၏။ သူ့သခင် အတွက် သူသည်လောက်တော့ ရင်းရပေမည်။

သူလည်း ရေထဲမှ ဖြတ်၍ တစ်ဖက်ကမ်းသို့ ရောက်အောင် တက်သွားရ၏။ ကုန်းပေါ်ရောက်သော အခါ ကန်ပေါင်ပေါ်မှ ကောင်ကို လှမ်းကြည့် နေလိုက်မိသည်။ ငနဲမှာ အနိုင် ရသူ၏ လေသံဖြင့် သူ့အပေါ် စိန်ခေါ်လို့ ကောင်းတုန်း၊ ဆဲလို့ကောင်းတုန်း၊ ဂုဏ်ယူလို့ ကောင်းတုန်း ရှိနေသေး၏။
သူ လုံးဝ မကျေနပ်။
ယခုပွဲ၌ သူ့နိုင်ပွဲ ဆိုသည်မှာ သူသာ အသိဆုံး မဟုတ်လား။ သည်ကောင်နှင့် နောက်တစ်ပွဲလောက် ဆုံပြီး လွတ်လွတ် လပ်လပ်သာ ယှဉ်ပြိုင်ချင်စိတ် တွေ ဖြစ်ပေါ် နေမိသည်။

ထို့ကြောင့် သူပင်ပန်း သွားမှန်း သိသဖြင့် အနားသို့ လာ၍ လျက်ပေးနေသော မီးစွပ် နားမှခွာပြီး ရှေ့သို့ နှစ်လှမ်းသုံးလှမ်း တိုးလိုက်ရင်း-
“တစ်နေ့ မင်းနဲ့ငါ ကျားနဲ့ဆင် လယ်ပြင်မှာ တွေ့ကြ သေးတာပေါ့ကွာ”
ဟူ၍ ငနဲ မခံချင် ဖြစ်သွားအောင် ငနဲ လေသံကို တု၍ ပြောလိုက်၏။

“၀က်စ်ဟမ်း...၀က်စ် ဟမ်း...၀က်စ်...”
သို့သော် သူ့စကား သူဆုံးအောင်တောင် မပြောလိုက်ရ။ ဘယ်အချိန်က သူတို့နောက်သို့ ပြန်ရောက်နေ မှန်းမသိသော သခင် ဖြစ်သူ၏ စကားကြောင့် သူ့ရင်ထဲ စိတ်မကောင်းခြင်း ကြီးစွာ ဖြစ်သွားရ သောကြောင့် ဖြစ်လေသည်။

“အံမယ်၊ နာသေမယ့် နွား၊ နိုင်အောင်ဖြင့် မဝှေ့နိုင် ဘဲနဲ့ ထပ်ပြီး စိန်ခေါ် နေသေးတယ်”တဲ့။
သူ့စိတ်ထဲ မှာတော့ သူတို့ လောက၏ ဆောင်ပုဒ်ကို သွားသတိရ နေမိလေသည်။
နေသစ်လင်း
(ရွှေအမြုတေ မဂ္ဂဇင်း၊ဒီဇင်ဘာလ ၂၀၁၁)