Tuesday, November 13, 2012

ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင် ကိုးကွယ်ခြင်းနဲ့ပတ်သတ်၍

မေး။ ။ အရှင်ဘုရား တပည့်တော်စိတ်ထဲမှာ မတင်မကျဖြစ်နေတာလေး တစ်ခုမေးလျှောက်ခွင့်ပြုပါဘုရား။ အဘဘိုးဘိုးအောင် ဘိုးမင်းခေါင်တို့သည် ဘုရားဟောပိဋကတ်တော်တွင် ပါဝင်သည်ဆိုတာ ဟုတ်ပါသလားဘုရား။ တပည့်တော်ငယ်စဉ်ကတည်းက ယခုအချိန်ထိ အနန္တောအနန္တငါးပါးကိုသာ ကိုးကွယ်ပူဇော်ဦးချရာဟု သတ်မှတ်ထားပါသည်ဘုရား။ ဘုရားဝတ်ပြုတိုင်းတော့ အမျှဝေရာတွင် အဘဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ကို အမျှဝေပါတယ်ဘုရား။ သို့ပေမဲ့ ဦးချရှိခိုးခြင်းတော့မပြုပါဘုရား။အဲဒါတပည့်တော်မှာ အပြစ်ရှိပါသလားဘုရား။
တပည့်တော်မရဲ့ မိတ်ဆွေအချို့က ရှိခိုးသင့်တယ်။ ပိဋကတ်တော်မှာ သူတို့အကြောင်းပါတယ် စသဖြင့်ပြောကြပါတယ်ဘုရား။ တပည့်တော်ခံယူတာကတော့ အနန္တောအနန္တငါးပါးကလွဲ၍ ပူဇော်ရာရှိခိုးဦးချရာမရှိဟု သတ်မှတ်ပါသည်ဘုရား။ တပည့်သိချင်တာလေး ကို ဖြေကြားပေးတော်မူပါဘုရား။
ဖြေ။ ။ ကိုးကွယ်ရာနဲ့ပတ်သတ်ပြီး ပိဋကတ်တွင်လာရှိတာများကို ပထမဦးဆုံး ဖော်ပြပေးပါမယ်။
(၁) မိမိကိုယ်ကိုသာ အားကိုးရာ ဖြစ်တယ်။ တစ်ပါးသူဟာ အားကိုးရာမဟုတ်ပါ။ မိမိကိုယ်ကို အားကိုးပြီးကြိုးစားအားထုတ်မှသာ ကောင်းစွာရခဲရောက်နိုင်ခဲလှတဲ့ သူတော်ကောင်းတရားများကို ရပါလိမ့်မယ်။ (ဓမ္မပဒပါဠိတော်၊ ၃၇)
(၂) ဘုရား၊ တရား၊ သံဃာ ရတနာ(၃)ပါးကို အောက်မေ့သတိရနေသူမှာ ကြောက်ခြင်း၊ တုန်လှုပ်ခြင်း၊ ကြက်သီးမွေးညှင်းထခြင်းတို့ ပျောက်သွားပါလိမ့်မယ်။ (ဓဇဂ္ဂသုတ်၊ ဒီ၊ ပါ၊ ၃၊ ၂၂၁)
(၃) မိဘဆွေမျိုး၊ သားသမီးစတဲ့ အခြံအရံများဟာ ကိုးကွယ်အားထားရာ မဟုတ်ကုန်၊ မိမိကိုယ်ကို အားထားမှသာ လိုရာခရီးရောက်ပါလိမ့်မယ်။ (ဓမ္မပါဠိတော်၊ ပထမတွဲ၊ ၂၈၈။ ဓမ္မပဒ၊ ဋ္ဌ၊ ၂၊ ၂၇၂။)
(၄) ဘုရား၊ တရား၊ သံဃာ သရဏဂုံသုံးပါးကို ကိုးကွယ်ဆည်းကပ်သူဟာ သစ္စာလေးပါးကို မြင်ရလိမ့်မယ်။ ရတနာသုံးပါးကို ကိုးကွယ်သူအား အလုံးစုံသော ဒုက္ခအပေါင်းမှ ကင်းလွတ်လိမ့်မယ်။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၅၉)
တဖန် နတ်ကိုးကွယ်ခြင်းနဲ့ပတ်သတ်ပြီး ပိဋကတ်တော်များတွင်လာရှိတာများကို ဖော်ပြပေးရမယ်ဆိုရင်
(၁) နတ်တို့ချစ်မြတ်နိုးစေရန် မေတ္တာသုတ်ကို အမြဲရွတ်ဆိုပေးပါ။ (ဓမ္မပဒ၊ ဋ္ဌ၊ ၁၊ ၂၀၁)
(၂) နတ်ဆိုတာ သမုတိနတ်၊ ဥပပတ္တိနတ်၊ ၀ိသုဒ္ဓိနတ်ဆိုပြီး (၃)မျိုးသာ ရှိတယ်။ မင်း၊ မိဖုရား၊ မင်းသားတွေဟာ သမုတိနတ်များ ဖြစ်တယ်။ ဥပပါတ်ပဋိသန္ဓေနဲ့မွေးဖွားလာတဲ့ စတုမဟာရာဇ်စတဲ့ နတ်ပြည်(၆)ထပ်ဟာ ဥပပတ္တိနတ်များ ဖြစ်တယ်။ ပူဇော်အထူးကို ခံယူထိုက်တဲ့ ဘုရား၊ ရဟန္တာများဟာ ၀ိသုဒ္ဓိနတ်များ ဖြစ်တယ်။ အလှူပေးခြင်း၊ ဥပုသ်သီလစောင့်ထိန်းခြင်းများ ပြုလုပ်သူဟာ မင်းစည်းစိမ်၊ သူကြွယ်စည်းစိမ်၊ နတ်ပြည်ခြောက်ထပ်စည်းစိမ်တို့ကို ခံစားရပါတယ်။ လူတို့ရဲ့အသက်ဟာ အသက်(၁၀၀)ကနေ တစ်ရာထက် အနည်းငယ်လွန်ပြီး (၁၆၀)မျှလောက်သာ အသက်ရှည်ကြပါတယ် လို့ မြတ်ဗုဒ္ဓက မိန့်ကြားခဲ့ပါတယ်။ (၀ိဘင်္ဂပါဠိတော်-၄၃၇)
(၃) ကုသိုလ်ကောင်းမှုပြုပြီးတိုင်း နတ်တို့ကို အမျှဝေရင် နတ်တို့က ပြန်လည်စောင့်ရှောက်ပေးကြတယ်။ သူတို့ကို အမျှဝေခြင်းနဲ့ပူဇော်ရင် နတ်တွေဟာ အထူးနှစ်သက်တယ်။ အမျှဝေခြင်းနဲ့ ပူဇော်တဲ့သူကို နတ်တွေက တုံ့ပြန်တဲ့အနေနဲ့ မိခင်တစ်ယောက်က မိမိရင်သွေးကို စောင့်ရှောက်ကာကွယ်သလို ပြုလုပ်ပေးကြတယ်။ နတ်တွေရဲ့ စောင့်ရှောက်မှုကို ခံရသူဟာ မကောင်းတဲ့အနိဋ္ဌာရုံများနဲ့ မတွေ့ရဘဲ ကောင်းတဲ့အာရုံများနဲ့သာ ကြုံတွေ့ရပါတယ်။ (ဥဒါန၊ ပါ၊ ၁၈၈၊ ဋ္ဌ၊ ၃၇၉)
(၄) နတ်တို့ကို အမျှဝေပေးတဲ့သူကို နတ်တို့ကစောင့်ရှောက်ကြတဲ့အတွက် ဖြစ်ပေါ်နေတဲ့ဒုက္ခတွေ ငြိမ်းစေနိုင်ပြီး စည်းစိမ်တိုးပွားပါတယ်။ (အံ၊ ဋ္ဌ၊ ၇၊ ၁၅၄)
(၅) အကြင်သူတို့သည် နေ့၌လည်းကောင်း၊ ည၌လည်းကောင်း နတ်များကို ပူဇော်ကြတယ်။ ထိုသူတို့ကို အကြင်နတ်များက မမေ့မလျှော့ဘဲ ကာကွယ်စောင့်ရှောက်ကြပါလို့ မြတ်ဗုဒ္ဓက မိန့်တော်မူခဲ့ပါတယ်။ (ခုဒ္ဒကပါဠိတော်၊ ၅)
(၆) ဗေဒင်သုံးးပုံတက်ကျွမ်းသူ၊ မင်းဘုရင်၊ နတ်မင်းကြီးလေးယောက်၊ တာဝတိံသာနတ်စသူတို့က ရှိခိုးရတဲ့ သိကြားမင်းဟာ ကောင်းမှုကုသိုလ်ပြုလုပ်သူ၊ သီလရှိသူ၊ ရတနာသုံးပါးကို ဆည်းကပ်သူ၊ တရားနဲ့အညီ မိဘ၊ သားမယားကို လုပ်ကိုင်ကျွေးမွေးသူတို့ကို ရှိခိုးပါတယ်။ (သံ၊ ၁၊ ၂၃၆)
သိကြားမင်းကတောင် အထက်ပါအင်္ဂါ(၄)ချက်နဲ့ ပြည့်စုံသူကို ရှိခိုးတယ်ဆိုမှတော့ မိမိတို့ကသာ အထက်ပါအချက်များပြည့်စုံအောင် ပြုလုပ်နေထိုင်ဖို့ လိုပါတော့တယ်။ သိကြားမင်း ရှိခိုးခံရတဲ့သူဆိုရင် သိကြားမင်းထက်နိမ့်တဲ့ပုဂ္ဂိုလ်တွေက ဒုက္ခပေးမှာ ကြောက်စရာ မလိုတော့သလို သိကြားမင်းလောက်မှ အစွမ်းအစမရှိတဲ့သူတွေက ကူညီစောင့်ရှောက်မယ်ဆိုတာလည်း ယုံကြည်စရာ မလိုတော့ပါဘူး။ တကယ်တမ်း ကူညီမစထိုက်တဲ့ပုဂ္ဂိုလ်ဆိုရင် သိကြားမင်းကိုယ်တိုင် ကူညီမစပေးပါလိမ့်မယ်။
ဒါဆို မိမိတို့က သိကြားမင်းထက်သာလွန်တဲ့ ရတနာသုံးပါးကိုသာ ကိုးကွယ်ဆည်းကပ်ပြီး မိဘဆရာသမားတို့ ကျေးဇူးကိုသိတတ်တဲ့ အနေနဲ့ ကျေးဇူးဆပ်ကာ ရှိခိုးဖို့ လိုပါတော့တယ်။ သိကြားမင်းထက်နိမ့်တဲ့ ကျန်တဲ့ပုဂ္ဂိုလ်တွေကို ကိုးကွယ်ရှိခိုးစရာလည်း မလိုတော့ပါဘူး။ ကျန်တဲ့အရာများကို ကိုးကွယ်ရှိခိုးတယ်ဆိုရင်တော့ အဲဒီပုဂ္ဂိုလ်ဟာ အထက်ပါအင်္ဂါ(၄)ချက်နဲ့ မပြည့်စုံလို့သာ ဖြစ်ပါလိမ့်မယ်။
ရှိခိုးတဲ့အခါ ရှိခိုးသူနဲ့ ရှိခိုးခံသူတို့မှာ ရှိခိုးသူကသာ ကုသိုလ်ရပြီး ရှိခိုးခံသူက ကုသိုလ်မရပါ။ ရှိခိုးခံသူဟာ ရှိခိုးခံထိုက်တဲ့ အရည်အချင်းများ မရှိဘူးဆိုရင် အပြစ်သာ ရပါတယ်။ ဒါကြောင့် မိမိတို့က သူတစ်ပါးကို ရိုသေလေးစားထိုက်တဲ့ အရည်အချင်များရှိပါက ရှိခိုးနိုင်ပါတယ်။ ရှိခိုးခံရသူကသာ မိမိမှာ အရည်အချင်း ရှိမရှိ စမ်းသပ်ပြီး ရှိခိုးခံသင့် မခံသင့်ကို စဉ်းစားရပါမယ်။ ရိုးရာယဉ်ကျေးမှု ဓလေ့ထုံစံတစ်ရပ်ဖြစ်လို့ တစ်ဦးနဲ့တစ်ဦး လက်အုပ်ချီတာမျိုးဆိုရင်တော့ ဒါဟာ နှစ်ဦးနှစ်ဘက်လုံးပေါ် လေးစားမှုသာပြတာကြောင့် ဘယ်သူမှာမှ အပြစ်မဖြစ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ လက်အုပ်ချီသူစိတ်ထဲမှာ ယဉ်ကျေးမှုဓလေ့ အနေနဲ့သာ ပြုလုပ်ခြင်းကြောင့် ဖြစ်ပါတယ်။
ဒါကတော့ ဦးဇင်းလေ့လာတွေ့ရှိသမျှ ကိုးကွယ်ခြင်းနဲ့ပတ်သတ်တာ၊ နတ်ပူဇော်ခြင်းနဲ့ ပတ်သတ်တာတွေပါ။
မေးခွန်းရှင်ပြောတဲ့ ဘိုးဘိုးအောင်၊ ဘိုးမင်းခေါင်တို့ဟာ ဗုဒ္ဓဘာသာနဲ့ပတ်သတ်တဲ့ ပိဋကတ်တော်များတွင် မပါရှိပါ။ နတ်များကို ပူဇော်ပသခြင်းများ ပြုလုပ်ရမယ်ဆိုတာ အပေါ်မှာတွေ့ရှိရတဲ့ ကျမ်းဂန်လာများအရ ကုသိုလ်ကောင်းမှုကိုသာ အမျှဝေပေးခြင်းသာဖြစ်ပြီး ကျန်တဲ့ စားသောက်ပစ္စည်းတွေနဲ့ ပူဇော်စရာ မလိုဘူးဆိုတာ ထင်ရှားနေပါတယ်။
ဒီနေရာမှာ ဆက်စပ်မိတာနဲ့ သူရဿတီနတ်ကိုကိုးကွယ်မှုကို ပြောချင်ပါသေးတယ်။ သူရဿတီနတ်ဟာ ဟိန္ဒူဘာသာတို့ရဲ့အယူအရ ကမ္ဘာလောကကြီးကအစ ဖန်ဆင်းထားတဲ့ ဖန်ဆင်းရှင်နတ် ဖြစ်ပါတယ်။ အဲဒီလိုဖန်ဆင်းရှင် နတ်စတာတွေကိုးကွယ်ရင် ကမ္မဿကတ-ကံ, ကံရဲ့အကျိုးကို ယုံကြည်မှုကင်းမဲ့သွားလို့ သရဏဂုံပျက်စီးပြီး ဗုဒ္ဓဘာသာအဖြစ်ကနေ ဟိန္ဒူဘာသာ ဖြစ်သွားပါတယ်။
အဲဒီစကား ခိုင်မာမှုရှိဖို့ရန်အတွက် ကျမ်းဂန်များတွင် လိုက်လံရှာဖွေကြည့်ရာ “ရတနာသုံးပါးကို လောကဓာတ်တစ်ခုလုံးရဲ့ အမြတ်ဆုံးအလှူခံဟု မှတ်ယူကာ ရှိခိုးခြင်း၊ လက်အုပ်ချီခြင်း၊ ခရီးဦးကြိုဆိုခြင်း၊ အရိုအသေပြုခြင်းတို့ပြုလုပ်ရင် သရဏဂုံယူပြီးဖြစ်သွားတယ်။ သရဏဂုံ တည်ပြီးဖြစ်သွားတယ်။ သရဏဂုံ တည်ပြီးတဲ့ ဗုဒ္ဓဘာသာဝင်ဟာ ရတနာသုံးပါးမှတစ်ပါး အခြား နတ်၊ ဘိုးတော်၊ တိတ္ထိရဟန်းစတဲ့ တစ်ဦးဦးကို တစ်လောကလုံးရဲ့ အမြတ်ဆုံးပုဂ္ဂိုလ်လို့ နှလုံးသွင်းကာ ကိုးကွယ်ဆည်းကပ်ခြင်း စသည်တို့ပြုမိရင် မူလဆောက်တည်ထားတဲ့ သရဏဂုံ ပျက်သွားပေတယ်" လို့ သီလက္ခန်အဋ္ဌကထာဆရာက ဖွင့်ဆိုပြထားတာ တွေ့ရပါတယ်။ (ဒီ၊ ဋ္ဌ၊ ၁၊ ၂၀၇)
အဲဒီတော့ မိမိတို့က ကြောက်လန့်လို့ဖြစ်စေ၊ ရမ်းသမ်းပြီးတော့ဖြစ်စေ တခြားနတ်ဆိုး၊ နတ်မိစ္ဆာ၊ မကောင်းဆိုးဝါး၊ လောကမှာမရှိတဲ့အရာတွေကို ယုံကြည်မယ်ဆိုရင်လည်း မိမိတို့ ခံယူထားတဲ့ ဗုဒ္ဓဘာသာအဖြစ်ကနေ လျှော့ကျမသွားအောင် သရဏဂုံပျက်လောက်အောင်တော့ ရတနာသုံးပါးထက် ပိုမိုပြီး မကိုးကွယ်ကြနဲ့ပေါ့လေ။ ဘုရားစင်ဆိုတဲ့နေရာမှာ ဘုရားဆင်းတုတော်ပဲထားပြီး တခြားအရာများ အရံသဘောအဖြစ် သူများပြောတာ အဟုတ်မှတ်ကာ ယုံကြည်ကိုးကွယ်ချင်လည်း တခြားနေရာမှာ သီးသန့်ထားကြပါ။
လောကမှာ အမှန်တကယ်ရှိတဲ့ စတုမဟာရာဇ်နတ်အစရှိတဲ့ နတ်တွေဟာ မိမိပြုလုပ်တဲ့ ကောင်းမှုကုသိုလ် ကို အမျှဝေပေးဖို့ပဲ လိုတယ်ဆိုတာ အထက်ကတရားတော်တွေ ထောက်ဆကြည့်ရင် သိနိုင်ပါတယ်။ တကယ်လည်း နတ်တွေဟာ လူ့ပြည်က အစားအသောက်တွေကို မစားနိုင်ကြပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ နတ်သုဒ္ဓါလောက်မှ မကောင်းတဲ့အစားစာတွေ ဖြစ်နေလို့ပါ။ လူတို့ကပြုလုပ်တဲ့ ကောင်းမှုကို အမျှဝေတဲ့အခါ သာဓုခေါ်ရင်တော့ သာဓုခေါ်တဲ့နတ်တွေဟာ ကောင်းမှုတိုးပြီး စည်းစိမ်ချမ်းသာ၊ အသက်ရှည်ခြင်း၊ အဆင်းလှခြင်းတွေ တိုးပွားသွားကြပါတယ်။ ဒါကြောင့် နတ်တွေကို ကောင်းစားစေချင် တယ်၊ မိမိတို့ကိုလည်း စောင့်ရှောက်ကာကွယ်ပေးစေချင်တယ်ဆိုရင်တော့ မိမိကောင်းမှုလုပ်ပြီးတိုင်း အမျှဝေပေးကြပါလေ။
ဒါပြင် ထေရ၀ါဒဗုဒ္ဓဘာသာဝင် အမည်ခံအချို့ဟာ အသေထွက်၊ အရှင်ထွက်ဆိုတဲ့ ထွက်ရပ်ပေါက်ပုဂ္ဂိုလ်ဆိုသူများကို ကိုးကွယ်နေကြတာ တွေ့ရပါတယ်။ အသေထွက်ဆိုတာ လက်ရှိဘ၀က သေလွန်ပြီးပေမဲ့ အစွမ်းသတ္တိဆက်လက်ရှိနေသေးသူ၊ အရှင်ထွက်ဆိုတာ သက်တမ်းများစွာ ရှည်ကြာလျက်ရှိနေသူများလို့ ယုံကြည်နေကြတာပါ။
သဗ္ဗညုတဘုရားရှင်ဟာ တန်ခိုးအရာ၊ ပညာအရာစတာတွေ အထူးကဲဆုံးပုဂ္ဂိုလ် ဖြစ်ပါတယ်။ အဲဒီလို သဗ္ဗညုတဘုရားရှင်သော်မှ သူတစ်ပါးဒုက္ခကို ကယ်တင်မပေးဘဲ ဘယ်လိုလုပ်ဆိုတာလောက်ပဲ လမ်းညွှန်ပေးပြီး ကိုယ်လုပ်မှ ကိုယ်ရမယ်လို့ ပြောခဲ့ပါတယ်။ အဲဒါကို ခု ထွက်ရပ်ပေါက်တွေ၊ သိဒ္ဓိရှင်တွေ၊ နတ်အမျိုးမျိုးတွေက ကယ်တင်ပေးမယ်။ မင့်တို့လုပ်စရာမလိုဘူး။ ငါတို့လုပ်ပေးမယ်ဆိုတာ ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားစေချင်ပါတယ်။
မြတ်ဗုဒ္ဓသေလွန်(ပရိနိဗ္ဗာန်စံ)တဲ့အခါမှာလည်း မင့်တို့ကို ငါသေသွားပေမဲ့ ကယ်တင်နိုင်သေးတယ်၊ ကယ်တင်ပေးဦးမယ်လို့ မပြောခဲ့ပါဘူး။ မင့်တို့ဒီလိုလုပ်ရင် ဒီလိုအကျိုးတရားတွေတော့ ခံစားရမယ်ဆိုပြီး နည်းလမ်းပဲပေးခဲ့ပါတယ်။ ကိုယ်လုပ်မှ ကိုယ်ရမှာပါ။ လောကမှ အသာလွန်ဆုံး၊ အတုမရှိတဲ့ မြတ်ဗုဒ္ဓသော်မှ သေလွန်တဲ့အခါ ဘာအစွမ်းမှ မရှိတော့ဘဲ မသေခင်က အဓိဋ္ဌာန်တာများသာ ရှိနေတော့တာမို့ ကျန်တဲ့ပုဂ္ဂိုလ်တွေက သေပြီးအစွမ်းသတ္တိတွေ ရှိနေသေးတယ်ဆိုတာ ယုတ္တိရှိရဲ့လား၊ ဖြစ်နိုင်ပါမလား။
သိဒ္ဓိရှင်၊ ၀ိဇ္ဇာသမားတွေကို ကိုးကွယ်ယုံကြည်နေသူများက အဲဒီလူတွေဟာ သေပြီးသော်လည်း တန်ခိုးနဲ့ ကယ်တင်သေးတယ်လို့ ယုံကြည်ကြတယ်။ တချို့က မသေဘဲအသက်ရှင်လျက် ရှိနေသေးတယ်လို့ ယုံကြည်ကြပါတယ်။ တကယ်တော့ ယခုလူ့သက်တမ်းဟာ တစ်ရာသက်တမ်းဖြစ်တဲ့အတွက် အထက်မှာမြတ်ဗုဒ္ဓပြောခဲ့တဲ့အတိုင်း အသက်(၁၀၀)ထက် အနည်းငယ် ကျော်လွန်သူ (၁၆၀)ပတ်ဝန်း ကျင်သာ အသက်ရှည်မယ်လို့ ပထမအာယု၊ ဒုတိယအာယုသုတ် (သံ၊ ၁၊ ၁၁၀) တို့မှာလည်း မိန့်ကြားထားခဲ့ တာကို ထောက်ဆကြည့်ရင် ထင်ရှားနေတာမို့ အသက်မသေဘဲ ကယ်တင်စောင့်ရှောက်နေတဲ့သူ မရှိဘူးလို့ သတ်မှတ်ရပါလိမ့်မယ်။
မိမိတို့ ယုံကြည်ကိုးကွယ်နေတဲ့သူတွေဟာ မြတ်ဗုဒ္ဓလုပ်မပေးနိုင်တာကို လုပ်ပေးနိုင်တယ်။ မြတ်ဗုဒ္ဓထက် သာလွန်သူတွေဖြစ်နေ ရင်တော့ မြတ်ဗုဒ္ဓဟာ အတုမရှိ မြတ်ဗုဒ္ဓမဟုတ်တော့ဘဲ ဖြစ်သွားပါ လိမ့်မယ်။ဒါကြောင့် ယုံကြည်တဲ့နေရာမှာ မိမိတို့ အဓိကထားယုံကြည်နေတဲ့ မြတ်ဗုဒ္ဓထက် သာလွန်နေသူများကို ဖြစ်နိုင်မဖြစ်နိုင် စဉ်းစားဆင်ခြင် ယုံကြည်ဖို့လိုတယ်ဆိုတာ မမေ့ပါနဲ့။ မြတ်ဗုဒ္ဓထက် သာလွန်သလိုဖြစ်နေတဲ့ ဒီလိုပုဂ္ဂိုလ်တွေကို ယုံကြည်မိရင် မိမိတို့ဟာ ဗုဒ္ဓဘာသာ ဖြစ်ပါဦးမလားဆိုတာ စဉ်းစားဆင်ခြင်ကြည့်ရင် သိပါလိမ့်မယ်။
ဦးဇင်းတက်သိသမျှ ရေးဖြေပေးခြင်းကို ယခုတော့ ဒီမျှနဲ့ပဲ နားပါရစေ။ စာဖတ်ပရိသတ်များအားလုံး အသိပညာကြွယ်ဝကြပြီး ကိုးကွယ်ရာအစစ်ကို ကိုးကွယ်ရင်း အမှန်တရားရှိရာသို့ လျင်မြန်စွာ ရောက်ရှိ ခံစားနိုင်ကြပါစေလို့ ဆန္ဒပြုလျက်......။
အရှင်ကောမလ ဆန်နီနေမင်း
sanninaymin@gmail.com
www.sanninaymin.com
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

ဘာသာတရားနဲ့ အိမ်ထောင်ရေး

(အမျိုးဘာသာအတွက် ရင်လေးစရာ သတင်းတွေဖတ်ရတာနဲ့ စိတ်ထဲမှာ မခံစားနိုင်တော့လို့ ရေးပေးလိုက်တာပါ။ ပြီးဆုံးအောင်တော့ ဖတ်စေချင်သလို လူမျိုးဘာသာဝင်အားလုံးလည်းသိရှိအောင် ဖြန့်ဝေပေးစေချင်ပါတယ်။ ကိုယ့်လူမျိုး၊ ဘာသာ၊ သာသနာအတွက် သတိတရားရှိပြီး ဆောင်ရွက်ပေးနိုင်ကြပါစေ။)

အယူဝါဒတစ်ခု ဘ၀တစ်ခုမှာ လွဲမှားခဲ့လို့ အမှားများစွာပြုလုပ်မိခဲ့မယ်ဆိုရင် အဲဒီအမှားရဲ့ ဆိုးကျိုးဒဏ်တွေဟာ ပြေပျောက်အောင် လုပ်ဖို့ခက်သလို ကောင်းကျိုးတွေပြန်လည်ရရှိအောင်ပြုလုပ်ဖို့ကလည်း ခက်ပါတယ်။ ဒါပြင် ကောင်းကျိုးတွေရရှိအောင်ပြုလုပ်နိုင်မဲ့ ဘ၀တွေ၊ အသိဉာဏ်တွေရှိတဲ့ ဘ၀ကိုရဖို့က ပိုပြီးခက်ပါတယ်။ အဲဒါကြောင့် မျက်မှောက် အသိဉာဏ်ရှိတဲ့ လူ့ဘ၀လေးရရှိချိန်မှာ မျက်မှောက်ဘ၀ခဏတာကောင်းစားရေးကိုပဲမကြည့်ဘဲ ဘ၀များစွာရေရှည်ခရီးကောင်းစားရန်ကိုကြည့်ပြီး အယူဝါဒလွဲမှားမှုတွေနဲ့ မကောင်းမှုတွေကို မပြုလုပ်မိရန်၊ မကောင်းတာကို အကောင်းမထင်တတ်ရန်၊ မကောင်းတာလုပ်နေတာကိုပဲ အကောင်းလုပ်နေတယ်လို့ မထင်မြင်တတ်ဖို့အတွက် မိမိမှာ ကောင်းတဲ့အယူဝါဒရှိနေဖို့ဟာ အဓိကအရေးကြီးတဲ့အချက်ဖြစ်ပါတယ်။

အဲဒီကောင်းတဲ့အမြင်၊ ယုံကြည်ချက်ကို လက်ကိုင်ထားပြုလုပ်ဆောင်ရွက်မှသာ နောက်နောင်ဘ၀ များစွာမှာ ကောင်းတာများ ဆက်လုပ်ပြီးသကာလ ကောင်းကျိုးများခံစားပြီး ကောင်းတဲ့အရပ်ဌါနကို လျင်မြန်စွာရောက်ရှိကာ ဒုက္ခငြိမ်းခြင်းချမ်းသာကို ခံစားရမှာပါ။ အဲဒါကို ယခုခေတ် လူတွေက ရေရှည်ကိုမကြည့်ဘဲ အတိုကာလလေး ကောင်းစားရေးကိုပဲကြည့်ပြီး ဖြစ်သလိုနေထိုင် စားသောက်ပျော်ပါးကာ ဘ၀ကိုအဆုံးသတ်ဖို့ ဆုံးဖြတ်ကြတာ များနေပါတယ်။

နောက်နောင်ဘ၀တွေဟာ ကိုယ့်မသိနိုင်သေးတဲ့ဘ၀မို့ ဘယ်လိုပဲ ဆိုးကျိုးများကိုခံစားရပါစေ ဒါတွေက ထည့်တွက်စရာမလိုဘူးလို့ ထင်နေကြပါတယ်။ ဒါပေမဲ့ တကယ်တမ်း စဉ်းစားကြည့်ရင် ဘယ်လုပ်မဆို ကိုယ့်လုပ်ရင် ကိုယ့်လုပ်သလောက် ခံစားရတာမို့ အဆုံးသတ်နိုင်တဲ့နေရာကို မရောက်မချင်း ကိုယ့်လုပ်ခဲ့တဲ့အရာတွေဟာ ကိုယ်ပဲပြန်လည်ခံစားရမှာဖြစ်တယ်ဆိုတာ မျက်မှောက်လုပ်ငန်းများ နဲ့ နှိုင်းယှဉ်ကြည့်ရင် သိနိုင်ပါတယ်။ ဒါကြောင့် ယခုဘ၀မှာ အမှားတစ်ချက်ပြုလုပ် မိလိုက်တာနဲ့ နောက်နောင်မရေတွက်နိုင်တဲ့ ဘ၀တွေမှာ မိမိရဲ့အမှားတစ်ချက်ဟာ ဘ၀များစွာဒုက္ခပယ်လယ်နဲ့ကြုံတွေ့ရမှာမို့ ဒီဘ၀မှာ အရေးကြီးဆုံးဖြစ်တဲ့ အမြင်အယူဝါဒ ယုံကြည်ချက်အမှားဖို့နဲ့ မဟုတ်တာကို မပြုလုပ်မိအောင် သတိထားစဉ်းစားရပါမယ်။ ကျန်တဲ့အမှားတွေဟာ ပြင်ဆင်နိုင်ရင် ခဏတာနဲ့ပြေပျောက်ပေမဲ့ အယူဝါဒအမှားကြီးဟာ မှားပြီးရင်းမှားနေကာ မကောင်းမှုတွေ မိမိဆီမှာ အမြဲရောက်လာအောင် ဖိတ်ခေါ်သလို ပြုလုပ်တတ်တာကြောင့် အလွန်ကြောက်စရာကောင်းတဲ့ အရာတစ်ခုဖြစ်နေတယ်ဆိုတာ သတိထားကြပါ။

မိမိတို့က ယခုလူ့ဘ၀၀ယ် ဘ၀ခရီးဖော်ရှာတဲ့အခါ မိမိလူမျိုး၊ မိဘဆွေမျိုးအသိုင်းဝိုင်းများနဲ့ ရိုးစွဲစွာယုံကြည်လာခဲ့တဲ့ ကောင်းတဲ့အယူဝါဒကနေ သူတစ်ပါးရဲ့ သွေးဆောင်ဖျားယောင်မှု၊ တခဏတာပျော်ပါးစားသောက်နိုင်မဲ့ အခွင့်အရေး ရေတိုကိုကြည့်ပြီး မကောင်းတဲ့အယူဝါဒဘက်ကို မကူးပြောင်းဖို့နဲ့ အယူဝါဒမှားဘက်ကို မလိုက်မိအောင် သတိထားစောင့်ထိန်းကြရမယ်။ ခုခေတ်လူတွေဟာ ခဏတာကောင်းစားရေးကို အဟုတ်မှတ် အကောင်းထင်ပြီး မကောင်းတဲ့ဘက်ကို ပါသွား၊ ပြောင်းသွားတတ်တာဟာ တကယ်စဉ်းစားကြည့်ရင် ကိုယ့်အတွက် ဘယ်လောက်တောင် နစ်နာဆုံးရှုံးတယ်ဆိုတာ စဉ်းစားချင့်ချိန်ကြည့်ရင် သိနိုင်ပါတယ်။

ဥပမာ-မိန်းကလေးတစ်ယောက်ကို ဘာသာယောက်ျားလေးတစ်ယောက်က မင့်ကို ကိုယ်တကယ်ချစ်တာပါ။ မင့်နဲ့ရရင် ကိုယ်မင့်အတွက် တစ်ဘ၀စာ ချမ်းသာစွာနဲ့ ထားမှာပါ။ နောက်ပြီး မင့်နဲ့ကိုယ်နဲ့လက်ထက်ပြီးတဲ့အခါကျရင်လည်း ကိုယ်ကမင့်နဲ့အတူ မင့်ယုံကြည်ချက်အတိုင်း ကောင်းမှုတွေကို အတူလက်တွဲလုပ်ကိုင်မှာပါ။ ကိုယ်တို့ရရှိလာမဲ့ အနာဂတ်မျိုးဆစ်သစ်များကိုလည်း မင့်ရဲ့ဆွေမျိုးမိဘအစဉ်အလာတိုင်း ယုံကြည်ရာကို လုပ်ခိုင်းမှာပါစတာတွေကို မိန်ကလေးနဲ့မရခင်တော့ ယောက်ျားလေးများက ပြောဆိုတတ်ကြပါတယ်။ အဲဒီလိုပြောဆိုတဲ့ ယောက်ျားလေးများဟာ မိန်းကလေးရဲ့အဌါကို ကျကျနနသိအောင်လေ့လာပြီး မိန်းကလေးရဲ့အားနည်းချက်၊ အားသားချက်များကိုပါ အမိဖမ်းလေ့ရှိပါတယ်။ ဥပမာ-ဒီမိန်းကလေးက ဘယ်လိုယောက်ျားလေးမျိုးမှ ကြိုက်တာလဲ။ ဘယ်လိုပုံစံမှ ကြိုက်တာလဲ။ သူ့ကို ဘယ်လိုယုယပြီး သူ့အလိုကို ဘယ်လိုလိုက်မှကြိုက်သလဲစတဲ့အချက်များအပြင် ကာမဂုဏ်ကိစ္စနဲ့ပါ အပိုင်သေချာအောင် သိမ်းသွင်းလေ့ ရှိကြပါတယ်။

ဗုဒ္ဓဘာသာယောက်ျားလေးများနဲ့ တခြားဘာသာယောက်ျားလေးများရဲ့ အယူအဆ ခံယူချက်ခြင်း မတူကြတဲ့အချက်တွေ များစွာရှိတာကို တွေ့ရပါတယ်။ များသောအားဖြင့် ဗုဒ္ဓဘာသာယောက်ျားလေးများက မိမိတို့ဘာသာတူချင်း မိန်းကလေးများကိုသာ တစ်ယောက်နဲ့တစ်ယောက် ဘယ်လိုဦးအောင် ပိုင်ဆိုင်ရမလဲဆိုတာကိုပဲ စဉ်းစားလုပ်ဆောင်လေ့ရှိကြပါတယ်။ ဒါပြင် တခြားဘာသာယောက်ျားလေးများက မိမိတို့ဗုဒ္ဓဘာသာဝင် မိန်းကလေးကို ကြိုးပမ်းနေတာတွေ့ရင် မိမိဘက်ပါအောင်လုပ်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတော့ မရှိကြဘဲနဲ့ ကိုယ့်ဘာသာချင်းလိုက်နေတာကိုပဲ အနိုင်ရအောင် လုပ်ဆောင်လေ့ရှိကြပါတယ်။ တကယ်ဆို မိမိဘာသာဝင်မိန်းကလေးကို တခြားဘာသာဝင်က လိုက်နေတာတွေ့ရင် ကိုယ့်ဘက်ပါအောင် အဲဒီမိန်းကလေးရဲ့အကြိုက်ကို ဘာသာခြားထက်သာအောင် လုပ်ပေးပြီး သိမ်းသွင်းရမှာပါ။ ဒီထက်မက တက်နိုင်ပါက မိမိတို့ကလည်း တခြားဘာသာဝင်မိန်းကလေးများကို ကိုယ့်ဘာသာဘက်ပါအောင် ကြိုးစားသိမ်းသွင်းခြင်းတွေ ပြုလုပ် သင့်ပါတယ်။

တချို့က ဘာသာခြားနောက် ဗုဒ္ဓဘာသာမိန်းကလေးများပါသွားရင် ဦးဇင်းမှာလည်း တာဝန်ရှိတယ်လို့ ပြောကြပါတယ်။ ဦးဇင်းလည်း တက်နိုင်သမျှ အသိပညာတွေရှိအောင်၊ ကိုယ့်ဘာသာအကြောင်း နားလည်အောင် ဟောပြောပေးခြင်း၊ ရေးသားပေးခြင်းတို့ ပြုလုပ်ပေးနေပါတယ်။ စာဖတ်တာ မဖတ်တာ၊ လိုက်နာတာ မလိုက်နာတာကတော့ သူတို့အပိုင်းပါပဲလို့။ နောက်ပြီး မိန်းကလေးတစ်ယောက်က တခြားဘာသာဝင်နောက်ပါသွားတာဟာ တချို့က ဘာသာရေး အကြောင်း ကောင်းကောင်းမသိလို့။ တချို့က မျက်မှောက်ဘ၀ကောင်းစားရေးကိုပဲကြည့်လို့၊ တချို့က ကာမကိစ္စကြောင့် ပါသွားကြတာပါ။ အဲဒီအထဲမှာ ဘာသာရေးအကြောင်းမသိသူများကို သိရှိနားလည်အောင် ပြောဆိုရေးသားပေးတာကို သူတို့က မဖတ်တာ၊ မလိုက်နာကတော့ ဦးဇင်းအပြစ်မဟုတ်ပါဘူးလို့။ မျက်မှောက်ဘ၀ကောင်းစားရေးကိုကြည့်တာကတော့ သံသရာခရီး ကို တွေးတောဆင်ခြင်မှုနည်းပါးလို့ပါ။ ကာမကိစ္စကြောင့် ဘာသာခြားနောက်ပါသွားတဲ့သူတွေကိုတော့ ဦးဇင်းအနေနဲ့ ဘယ်လိုမှလုပ်ပေးလို့ မရပါဘူးလို့။ တကယ်တမ်းလုပ်ပေးရမယ်ဆိုရင်လည်း ဦးဇင်းကိုယ်တိုင် လူထွက်ပြီး အဲဒီလိုမိန်းကလေးများကို လိုက်ယူမှဖြစ်မယ်ထင်တယ်လို့ ပြောဆိုပေးခဲ့ရတာလည်း ရှိပါသေးတယ်။

တကယ်တော့ မိမိတို့ဗုဒ္ဓဘာသာဝင် ယောက်ျားလေးများက မိမိတို့မိန်းကလေးများကို တခြားဘက်ပါမသွားအောင် အစစအရာရာ စောင့်ရှောက်ကြည့်နေပြီးသကာလ ထိန်းသိမ်းပေးသင့်တာ ထိန်းသိမ်းပေးရပါမယ်။ တကယ်လို့ မိန်းကလေးက ဘာသာခြားနောက်ပါတော့မယ်ဆိုရင် သူဘာကြောင့် ပါချင်နေရတာလဲဆိုတာကို စုံစမ်းပြီး ကိုယ့်ဘက်ပါအောင် ပြန်လည်သိမ်းသွင်းပေးသင့်ပါတယ်။ ဒါမှ အမျိုးဘာသာ ဆုံးရှုံးမှု နည်းပါးမှာပါ။ ဘာသာခြားနောက်ပါသွားတဲ့ မိန်းကလေးဟာ မိမိလူမျိုး၊ ဆွေမျိုးမိဘအစဉ်လာ ယုံကြည်လာတဲ့ အယူဝါဒကို ဘာသာခြားယောက်ျားလေးက တကယ်လိုက်မလိုက်ကို သေချာမစဉ်းဘဲ ယောက်ျားလေးရဲ့ ဆွဲဆောင်မှုတွေပေါ်မှာ သာယာပြီး ယောက်ျားလေးနဲ့ လက်ထက်လိုက်ကြတာ အများကြီးပါ။ တချို့ကျတော့လည်း မိမိလူမျိုး၊ ဆွေမျိုးမိဘတွေ ယုံကြည်လာတဲ့အယူဝါဒကို မလေးစား၊ ဂရုမစိုက်သလို ကိုယ်တိုင်ကလည်း လေ့လာမှုအားနည်းတာရယ်၊ မိဘဆွေမျိုးများရဲ့ သွန်သင်ပေးမှု အားနည်းတာရယ်ကြောင့် အယူဝါဒကို အလေးမထားဘဲ ယောက်ျားလေးဘက်ကို လိုက်သွားကြပါတယ်။ တချို့ကျတော့လည်း ကာမဂုဏ်အာရုံဘက်ကို သာယာမိပြီး ပါသွားတတ်ကြပါတယ်။

ဒါတွေအားလုံးဟာ တစ်ဘ၀စာကောင်းစားရေးကို အထူးအားပေးကာ နောက်နောင် ဘ၀ ရေရှည်ကိုမစဉ်းစားကြလို့ပါ။ တချို့ကျတော့လည်း ဘာသာမတူသူနဲ့ မယူလို့မရတော့ဘူးဆိုရင် ဘယ်လိုလုပ်ရမလဲ၊ ဘာလုပ်သင့်သလဲလို့ မေးတတ်ကြပါတယ်။ ဖြစ်နိုင်ရင်တော့ မယူတာ အကောင်းဆုံးလို့ ပြောဆိုပေးခဲ့ပါတယ်။ ဒါပေမဲ့ တချို့က လုံးဝကို မယူလို့မရဖြစ်နေတယ်လို့ပြောရင်တော့ မိမိယူမဲ့လူဟာ မိမိယုံကြည်ချက်ကို တကယ်လိုက်မှာဟုတ်မဟုတ်သိရအောင်  သေချာလေး အချိန်ယူလေ့လာပေးပါ။ ကိုယ့်ယုံကြည်မှုအယူဝါဒရဲ့ အဓိကအခန်းကဏ္ဍမှာပါတဲ့ သာသနာဘောင်ကို တစ်ပါတ်ဖြစ်စေ၊ တစ်လဖြစ်စေ ၀င်ရောက်ခိုင်းပါ။ တချို့ဘာသာဝင်တွေဟာ အပေါ်ယံကိုလိုက်လုပ်ပေးတတ်ကြပါတယ်။ ဘုရားရှိခိုးတာ၊ ကောင်းမှုလုပ်တာ၊ ကျောင်းကန် ဘုရားတွေလိုက်ပြီး သူတစ်ပါးယုံကြည်မှုရအောင် လုပ်ပေးတာတွေ့ရပါတယ်။ ဒါတွေဟာ သူတို့ဘာသာရဲ့ အယူဝါဒကို ထိခိုက်သွားတာမဟုတ်သလို သူတို့အယူဝါဒလည်း ပျက်ပြယ်သွားတာမဟုတ်တဲ့အတွက် ဘယ်သူမဆို လိုက်လုပ်ပေးနိုင်ပါတယ်။ ဒါပြင် သူတို့ဘာသာရဲ့ ဆရာသမားတွေ၊ မိဘဆွေမျိုးတွေကလည်း ဒီလောက်ကိစ္စတော့ လုပ်ကိုင်ခွင့်ပေးကြပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ နောက်ပိုင်းသူတို့ လက်ထဲရောက်လာလို့ သူတို့ဂွင်ထဲရောက်လာရင် သူတို့စိတ်တိုင်းကျ ပြန်လည်သိမ်းသွင်းပြုလုပ်မယ်လို့ အကြံရှိနေကြလို့ပါ။ ဒါပေမဲ့ ဘာသာခြားများဟာ ဗုဒ္ဓဘာသာရဲ့သာသနာဘောင်ဝင်ရောက်ခြင်းကို ဘယ်သူမှအလွယ်တကူ ခွင့်မပြုကြပါဘူး။

ဒါကြောင့် မိမိကိုတကယ်ချစ်လို့ဖြစ်စေ၊ သူကိုယ်တိုင်က မိမိအယူဝါဒကို ယုံကြည်လို့ဖြစ်စေ မိမိဘာသာဘက်ကို လိုက်နိုင်မလိုက်နိုင် သေချာဖို့ရန်အတွက် သာသနာ့ဘောင်ဝင်ရောက်ခိုင်းမှ အဖြေထွက်မှာပါ။ အဲဒီလို သာသနာ့ဘောင်ကိုဝင်ရောက်ခိုင်းလိုက်မယ်ဆိုရင် ဘာသာခြားယောက်ျားလေးဟာ သူ့ကိုယ်တိုင်မယုံကြည်ရင်ဖြစ်စေ၊ သူ့ဆွေမျိုးအသိုင်းဝိုင်းက လက်မခံနိုင်ရင်ဖြစ်စေ သာသနာ့ဘောင်ဝင်ရောက်ခြင်းကို တားမြစ်ကြပါလိမ့်မယ်။ ဒီလိုတားဖြစ်လာတဲ့အခါ မိမိကိုတစ်ကယ်ချစ်ပြီး မိမိဘာသာကိုယုံကြည်တဲ့လူဆိုရင် မိမိဘက်ကိုပါလာမှာပါ။ ဒါဆိုရင်တော့ ဘ၀လက်တွဲဖော် သတ်မှတ်လို့ရပါတယ်။ အဲဒီလိုမဟုတ်ဘဲ မိမိစမ်းသပ်သလို သူကမလုပ်နိုင်ဘူးဆိုရင်တော့ မိမိနဲ့ဘာသာတူချင်း ဘ၀ခရီးလက်တွဲဖော်ရဖို့ရန် မခဲယဉ်းတာမို့ အဆက်ဖြတ်လိုက်ပါ။

အဆိုးဆုံးတစ်ခုကတော့ မိဘဖြစ်သူများကပါ ဘ၀များစွာအတွက်မကြည့်တတ်ဘဲ တစ်ဘ၀စာကိုပဲကြည့်ပြီး မိမိရင်သွေးများကို အယူမှားတဲ့ဘက်မှာ ထည့်ပေးကြတာတွေပါ။ ခေါင်ကမိုးမလုံရင် ကျန်တဲ့နေရာတွေက ဘယ်လိုလုပ်လုံတော့မလဲဆိုတာလို အုပ်ထိန်းသူမိဘ မောင်နှမများကပါ လိုက်လံသဘောတူတာတွေက ပိုဆိုးပါတယ်။ အဲဒီလိုလူတွေကတော့ မိမိသွေးသားများကို ကောင်းစားစေရေးအတွက်မဟုတ်ဘဲ မိမိအတွက် ကောင်းစားရေးကိုကြည့်တတ်တာရှိသလို တစ်ဘ၀စာချမ်းသာနဲ့ ဘ၀များစွာဒုက္ခခံရမဲ့အရာများကို မတွေးတောမဆင်ခြင်ကြတာပါပဲ။တကယ်တမ်းဆို အုပ်ထိန်းသူများက မိမိမျိုးဆက်သစ်များ လမ်းမှား၊ အယူမှားဘက်မမှားအောင်၊ တစ်ဘ၀စာထက် ဘ၀များစွာကောင်းစားရေးကို ပြုလုပ်ဆောင်ရွက်တတ်အောင် ပြုပြင်ထိန်းသိမ်းသွန်သင်ပေးရမှာပါ။

အယူဝါဒမတူသူနဲ့ အိမ်ထောင်ကျသွားတဲ့အခါမှာ မိမိတို့အယူဝါဒ ဘက်ကိုမလိုက်ဘဲ သူတို့ဘာသာဘက်ကိုလိုက်ရမယ်ဆိုပြီး အတင်းအကျပ်စေခိုင်းတာမျိုးတွေကြောင့် မိမိယုံကြည်ချက်များ ပျောက်ဆုံးသွားရတဲ့လူတွေလည်း ကမ္ဘာပေါ်မှာ အများကြီးပါ။ ဒါကြောင့် မိမိတို့လျှောက်လှမ်းရမဲ့ ခရီးရှည်ကြီးမှာ အဓိကကျတဲ့ အယူဝါဒမှားယွင်းမှုကို ယခုဘ၀မှာရော နောင်ဘ၀များစွာမှာပါ မဖြစ်ရလေအောင် မိမိတို့ကိုယ်တိုင်လည်း စဉ်းစားဆင်ခြင်ဝေဖန် စမ်းစစ်ရမှာဖြစ်သလို မိမိတို့ရဲ့ မိဘမောင်နှမများကလည်း သံသရာခရီးရှည်ကိုကြည့်ပြီး တစ်ဘ၀ ကောင်းစားရေးကို မကြည့်ကြမိဖို့ သတိထားရပါလိမ့်မယ်။

တကယ်တမ်းကျတော့လည်း တချို့လူတွေပြောတဲ့စကားဟာ ခဏတာပဲ မှန်တယ်လို့ ပြောနိုင်ပါတယ်။ ကျွန်တော်၊ ကျွန်မက ဒီလူကိုရမှဖြစ်မယ်၊ ဒီလူမှမရရင် သေမယ်စတာတွေပြောတဲ့ လူတွေဟာ နောက်ပိုင်းကျတော့လည်း မုန်းတတ်သွားသလို၊ အိမ်ထောင်ကွဲသွားတဲ့လူတွေလည်း အများကြီးပါ။ ဒါပြင် အဆိုးဆုံးကတော့ တစ်ယောက်ဆို တစ်ယောက်လို့ပြောတဲ့လူတွေက အဲဒီလူနဲ့မရလို့ဖြစ်စေ၊ အဲဒီလူက သေသွားရင်ဖြစ်စေ တခြားတစ်ယောက်နဲ့ အိမ်ထောင်ပြုချစ်ကြိုက်တဲ့လူတွေလည်း အများကြီးပါ။ တချို့ကျတော့လည်း အိမ်ထောင်ပြုတယ်ဆိုတာ ဆေးပေးမီးယူအတွက် လိုတယ်ဆိုပြီး အကြောင်းပြကြပါသေးတယ်။

အဲဒီလိုအကြောင်းပြချက်သာ တကယ်တမ်းမှန်ပါက အဖိုးကြီး၊ အဖွားကြီးများ လမ်းပေါ်မှာ တစ်ယောက်တည်း သွားလာနေရခြင်း၊ လိုင်းကားစီးတဲ့အခါ တစ်ယောက်တည်းစီးနေရခြင်း၊ လက်တွဲခေါ်ရမဲ့အရွယ်မှာ တစ်ဦးနဲ့တစ်ဦး လက်တွဲမသွားကြဘဲ ဖြစ်နေကြရတာတွေဟာ မဖြစ်သင့်ဘူးလို့ ထင်ပါတယ်။ မိမိတို့အကြောင်းပြချက်က အိမ်ထောင်ပြုတာဟာ အသက်ကြီးတဲ့အခါ ဆေးပေးမီးယူရအောင်လို့ ပြောဆိုထင်ထားခဲ့ပေမဲ့ မိမိအိမ်ထောင်ဖက်က အရင်သေသွားရင်လည်း မိမိမှာ ဆေးပေးမီးယူမရနိုင်သလို မိမိသားသမီးများက မလိမ်မာလို့ဖြစ်စေ၊ အိမ်ထောင်ခွဲသွားလို့ဖြစ်စေ မိမိတစ်ယောက်တည်း ဘ၀လမ်းခရီးကြမ်းကို လျှောက်လှမ်းနေရတဲ့အခါမှာ မိမိအိမ်ထောင်ပြုစဉ်က ပြောခဲ့တဲ့ ဆေးပေးမီးယူစကားဟာ ဘယ်မှာလဲလို့ ပြန်လည်သတိရလိမ့်မယ် ထင်ပါတယ်။

မိမိအိမ်ထောင်ဖက်က ဘ၀တစ်ပါးပြောင်းသွားလို့ ကျန်တဲ့သူက ဖြစ်သလိုဘ၀ကို လျှောက်လှမ်းရတာဆို ခံသာပါပေတယ်။ ဒါပေမဲ့ နှစ်ဦးလုံး အသက်ရှင်ရှိနေပါလျက် တစ်ယောက်တည်း လမ်းမပေါ်မှာ အဖော်မပါဘဲ လမ်းမလျှောက်နိုင်ပေမဲ့ လမ်းလျှောက်နေရခြင်း၊ လိုင်းကားစီးတဲ့အခါ မလှုပ်နိုင်မသွားနိုင်ဖြစ်နေပေမဲ့ လျှောက်လှမ်းနေရခြင်းတွေဟာ တကယ်တမ်း မိမိအတွက် ဆေးပေးမီးယူစကားအတိုင်းဆို မဖြစ်သင့်ပါ။ အဲဒီအတိုင်းမဟုတ်လို့ ခုလို တစ်ယောက်တည်းနဲ့ ဘ၀ခရီးလမ်းကို လျှောက်လှမ်းနေကြရတာမို့ ဆေးပေးမီးယူဆိုတဲ့အကြောင်းပြချက်ဟာ မှန်ကန်မှုမရှိဘူးဆိုတာ သိသာနေပါတယ်။

တချို့က တစ်ယောက်ဆိုတစ်ယောက်၊ မင့်မှမင့်ပါဆိုပြီး ပြောဆိုတတ်ကြပေမဲ့ မိမိပြောဆိုထားတဲ့လူနဲ့ မပေါင်းသင်းရရင်လည်း တခြားလူကို စိတ်နဲ့တောင် မပြစ်မှားသင့်ပါဘူး။ ခုတော့ အဲဒီလိုမဟုတ်ကြဘဲ အပေါ်ယံခဏတာ ပါးစပ်ကနေ ပြောပြီးတာနဲ့ လေထဲမှာပျောက်သွားတတ်ကြပြီး မိမိစိတ်ကို မပိုင်ကြပါဘူး။ ဒါကြောင့် မိန်းကလေးဖြစ်စေ၊ ယောက်ျားလေးဖြစ်စေ ချစ်ခင်ဖို့၊ ဘ၀ခရီးဖော်ရဖို့၊ အိမ်ထောင်ပြုဖို့အတွက် မိမိကသာ လူပီသပါက ခဲယဉ်းတဲ့အရာမဟုတ်ဘူးဆိုတာ သိရှိထားကြပါ။ အဓိကမိန်းဟာ ဒီဘ၀မှာ နောက်ဘ၀များစွာအတွက် ရိက္ခာကောင်းတွေ များများစုသွားနိုင်ဖို့ပါပဲ။

အဲဒီတော့ ရခဲလှတဲ့ ဘ၀ကောင်းလေး၊ သိခဲလှတဲ့ အသိဉာဏ်ကောင်းလေး၊ ရှိခဲ့လှတဲ့ သူတော်ကောင်းတရားလေး၊ ကြုံခဲလှတဲ့ သူတော်ကောင်းတရားထွန်းကားနေချိန်လေးမှာ ဒီဘ၀ထက် နောက်နောင်ဘ၀တွေအတွက်ကို အဓိကထားစဉ်းစားပြီး ပြုလုပ်သွားကြရမယ်ဆိုတာ မမေ့ဖို့နဲ့ ဘာမဟုတ်တဲ့အရာလေးနဲ့ မိမိရဲ့ဘ၀လေးကို အဆုံးရှုံးမခံကြဖို့ သတိတရားအမြဲထာဝစဉ် ရှိနေကြပါလို့ တိုက်တွန်းရင်းစာဖတ်ပရိတ်သတ်အားလုံး အသိဉာဏ်များတိုးပွားပြီး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ ပန်းတိုင်ကိုလျင်မြန်စွာ ရောက်လှမ်းနိုင်ကြပါစေ ဆန္ဒပြုဆုတောင်းပေးလျက်……………။

အရှင်ကောမလ(ခ)ဆန်နီနေမင်း
sanninaymin@gmail.com
http://www.sanninaymin.com/
ကိုလံဘိုမြို့၊ သီရိလင်္ကာနိုင်ငံ။

လူကပဲတိရစ္ဆာန်စကား နားလည်တာလား၊ တိရစ္ဆာန်ကပဲ လူစကားပြောတာလား

ဆရာတော်အရှင် ကောမလ (စာရေးဆရာ ဆန်နီနေမင်း)၏ ဆောင်းပါးကိုတင်ပြပေးခြင်းဖြစ်ပါသည်။
ဆရာတော်အားခွင့်မတောင်းဖြစ်သည့်အတွက်အထူးတောင်းပန်အပ်ပါသည်ဘုရား။

မေး။ ။ ဒါလေးကိုဖတ်ရင်းနဲ့သတိရမိတာလေးထပ်မေးပါရစေဘုရား။ သုတ္တန်တရားတော်တွေမှာ ဘုရားအလောင်းပါရမီဖြည့်စဉ်ကာလတွေမှာ တိရစ္ဆာန်တွေနဲ့ လူတွေဟာစကားပြောကြတယ်။ အဲဒါလူတွေက တိရစ္ဆာန်စကားနားလည်နေတာလား။ တိရစ္ဆာန်တွေကပဲ လူစကားပြောတတ်ကြတာလားဘုရား။ တပည့်တော်သိချင်လို့ပါဘုရား။

ဖြေ။ ။ ယနေ့မျက်မှောက်ခေတ်မှာရိုက်ကူးတဲ့ မောင်ပေါက်ကျိုင်းဗွီဒီယိုဇာတ်ကားထဲမှာ မာဂဓဘာသာစကားတတ်တဲ့သူဟာ တိရစ္ဆာန်စကား နားလည်တယ်လို့ ဆိုပါတယ်။ အဲဒီတော့ လူအားလုံးက တိရစ္ဆာန်စကားကို နားလည်နိုင်တာ မဟုတ်ဘဲ မာဂဓဘာသာစကားတတ်တဲ့သူဟာ တချို့သော တိရစ္ဆာန်များရဲ့စကားမှာ မာဂဓဘာသာနဲ့တိုက်ဆိုင်မှုရှိတာကို နားလည်တာလို့ ယူဆရပါမယ်။

ဦးဇင်း ခု ကျမ်းအတွက် အလုပ်များနေလို့ ကိုယ်တိုင်ရေးပေးဖို့၊ ရှာဖွေပေးဖို့ အချိန်မရတာကြောင့် ရှေးမှာဖြေဆိုပေးထားတဲ့ အချက်အလက်များကို ဗဟုသုတအဖြစ် တင်ပြပေးပါမယ်။

၂၀၀၃-ခု မတ်လထုတ် မြတ်မင်္ဂလာမဂ္ဂဇင်းတွင် ဘဒ္ဒန္တတိလောကသာရက ဤသို့ဖြေဆိုပေးထားတာကို တွေ့ရပါတယ်။

တိရစ္ဆာန်များ ပါဠိစကား နားလည်သည်ဟု မဆိုနိုင်ပါ။ နားလည်ကြောင်း မည်သည့်ကျမ်းဂန်မှာမှ အဆိုမရှိပါ။ သို့သော် တစွန်းတစ ခေါ်ဝေါ်မှုကို နားလည်ကြောင်းကား မှတ်သားရဖူးပါတယ်။ (ကြောင်-မိန်၊ ၀က်-လေ့၊ သိသာရွေ့၊ စေ့ခေါ်ဆင်မှာ ဘယ့်ကြောင့်နည်း)-ဟူသော စွယ်စုံကျော်ထင် အဖြေတွင်-ကြောင်ကို မိန်မိန် (မြီမြီ) ဟု ခေါ်ခြင်းသည် မီနသဒ္ဒါ ငါးကိုဆိုသဖြင့် ငါး-ငါး-ဟု အသံပေးခြင်းဖြစ်ကြောင်း ဆိုပါသည်။

ဝက်ကို လေ့လေ့-ဟု ခေါ်ခြင်းသည် ယာဂုကဲ့သို့သော လျက်ဖွယ်ကို လျက်၍စားသော သတ္တ၀ါဖြစ်၍ လေယျလေယျ လျက်လှည့်လျက်လှည့်-ဟု ခေါ်ခြင်းဖြစ်ကြောင်း။

ဆင်ကို စေ့စေ့-ဟု ခေါ်ခြင်းမှာ စေ့ဝု စေ့ဝု ဆန်ဆန်-ဟု အသံပြုခေါ်ဝေါ်ခြင်း ဖြစ်ကြောင်းဆိုပါသည်။

ခွေးကို အို့အို့-ဟု ခေါ်ခြင်းမှာလည်း အ၀ဟရ၊ အ၀ဟရ မျိုလှည့် မျိုလှည့်-ဟုခေါ်ခြင်းဖြစ်ကြောင်း။

ကြက်ကို တီတီ-ဟု ခေါ်ခြင်းသည် ပိုမွှားတိရစ္ဆာန်ကို စားတတ်သော သတ္တ၀ါဖြစ်ခြင်းကြောင့် တီတီ ပိုးမွှား ပိုမွှား-ဟု အသံပြုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဆိုပါသည်။

ကျီးကို အန်း အန်း-ဟု အသံပြုခြင်းသည်လည်း အန္န အန္န-ထမင်း ထမင်း-ဟု အသံပြုခေါ်ဝေါ်ခြင်းဖြစ်ကြောင်း ဖြေဆိုထားပါသည်။

ဤသို့ ကြောင်၊ ၀က်၊ ဆင်၊ ခွေး၊ ကြက်၊ ကျီးတို့အား ခေါ်ဝေါ်သော ဝေါဟာရတို့မှာ မာဂဓပါဠိစကားသက်များဖြစ်၍ တိရစ္ဆာန်တို့ ပါဠိနားလည်သည်ဟု ဆိုခြင်းဖြစ်ဟန် တူပေသည်။

တစ်ခါ ၂၀၀၁-ခု နိုဝင်ဘာလထုတ် မြတ်မင်္ဂလာမဂ္ဂဇင်းတွင် ဓမ္မာစရိယ-ဦးအေးနိုင်(ဘီ-အေ)ရေးသားထားတာကို ယခုလို တွေ့ရပါတယ်။ မာဂဓဘာသာမှာမူ နေရာအချို့၌ဖြစ်စေ၊ တခါတရံဖြစ်စေ ပြောဆိုသူတို့ အလွဲလွဲအမှားမှား ရွတ်ဆိုသင်ယူခြင်းစသော အကြောင်းကြောင့် ပြောင်းလဲပျက်စီးတတ်သော်လည်း နေရာများစွာ၌ဖြစ်စေ၊ အခါခပ်သိမ်းဖြစ်စေ၊ ပြောင်းလဲခြင်း မရှိပေ။ အကြောင်းမှာ-ငရဲဘုံ၊ တိရစ္ဆာန်ဘုံ၊ ပြိတ္တာဘုံ၊ လူ့ပြည်၊ နတ်ပြည်၊ ဗြဟ္မာ့ပြည်တို့၌ မာဂဓဘာသာကိုသာ အပြောများ၏ဟု သမ္မောဟ၀ိနောဒနီ အဋ္ဌကထာ၌ မိန့်ဆိုထားရကား ကမ္ဘာပျက်သောအခါမှာပင် ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအားဖြင့် တည်ရှိနိုင်သောကြောင့် ဖြစ်သည်။

(လူသားတို့ မှားမှားယွင်းယွင်း သင်ယူုခြင်း စသည်တို့ရှိသောကြောင့် အချို့နေရာ၌ တခါတရံ ပြောင်းလဲတတ်သည်ဟု ဆိုခြင်းဖြစ်၏။ ဗြဟ္မာ့ပြည်စသည့်နေရာတို့၌ မပြောင်းလဲဘဲ ပကတိသဘာဝအတိုင်း တည်ရှိနိုင်သည့်အတွက် နေရာများစွာ၌ အခါခပ်သိမ်း ပြောင်းလဲခြင်းမရှိဟု အနုဋီကာ၌ ဆိုထား၏။)

မာဂဓဘာသာကား အနက်အဓိပ္ပါယ်ကို ချမ်းသာလွယ်ကူစွာ သိနိုင်၊ ဆောင်နိုင်၏။ ဗုဒ္ဓရှင်တော်မြတ်ဘုရား မာဂဓဘာသာစကားဖြင့် တရားဟောတော်မူလျှင် ပဋိသမ္ဘိဒါပတ္တပုဂ္ဂိုလ်တို့မှာ ကြားရုံမျှဖြင့်ပင် နည်းပေါင်းရာထောင်ဖြင့် အဓိပ္ပါယ်ကို ကျယ်ဝန်းစွာသိကြ၏။ အခြားဘာသာဖြင့် ဘုရားစကားတော်အစဉ်ကို တင်ထားလျှင် ထိုစကားတော်ကို အရိုက်အပုတ်ခံ၍ သင်ယူကြရမည်ဖြစ်၏။ ပုထုဇဉ်ပုဂ္ဂိုလ်တို့အဖို့လည်း အမြောက်အများသင်ယူစေကာမူ ပဋိသမ္ဘိဒါပတ္တဖြစ်ရန် အခွင့်အလမ်းမရှိ။ အမှန်စင်စစ် မာဂဓဘာသာသည်သာ သဘာဝနိရုတ္တိဖြစ်၍ နိရုတ္တိပဋိသမ္ဘိဒါဉာဏ်၏အရာလည်း ဖြစ်၏။

နိရုတ္တိပဋိသမ္ဘိဒါဉာဏ်ကိုရလျှင် မာဂဓဘာသာကို အလိုအလျောက် တတ်နိုင်သည့်နည်းတူ မာဂဓဘာသာ၌ ကျွမ်းကျင်လိမ္မာခြင်းသည်လည်း ပဋိသမ္ဘိဒါဉာဏ်ကို ရခြင်းအကြောင်းတစ်ပါးလည်း ဖြစ်ပေသည်။ ထို့ကြောင့် မြတ်စွာဘုရားသည် ပိဋကတ်သုံးပုံဟူသော တရားတော်ကို မာဂဓဘာသာဖြင့်သာ ဟောကြားတော်မူခြင်းဖြစ်သည်ဟု သမ္မောဟ၀ိနောဒနီစသော ကျမ်းများ၌ မိန့်ဆိုထား၏။

ကမ္ဘာပျက်ရာတွင် မပါဝင်သော ဗြဟ္မာ့ပြည်၌ သဘာဝအတိုင်း မပြောင်းမလဲ တည်ရှိခဲ့သောကြောင့် မာဂဓဘာသာသည် ကမ္ဘာဦးလူသားတို့ ပြောဆိုသော ဘာသာစကားလည်း ဖြစ်ခဲ့၏။ ထင်ရှားစေဦးအံ့။ ကမ္ဘာဦးလူသားတို့မှာ ဗြဟ္မာ့ပြည်မှ စုတေ၍ လူ့ပြည်သို့ ဥပပါတ် ပဋိသန္ဓေအားဖြင့် ရောက်လာကြသူများဖြစ်၍ လူသားအဖြစ်ဖြင့် ဖြစ်လာကြသည့်အခါမှာလည်း ဗြဟ္မာ့ပြည်တွင် ပြောဆိုခဲ့သော မာဂဓဘာသာကိုပင် ပြောဆိုကြသည်ဟု ကျမ်းဂန်တို့၌ မိန့်ဆိုထား၏။ သို့ဖြစ်၍ မာဂဓဘာသာသည် ဘာသာတကာတို့၏ အရင်းမူလဖြစ်ရကား မာဂဓဘာသာကို မူလဘာသာ-ဟုလည်း ကျမ်းဂန်တို့၌ သုံးနှုန်းကြ၏။ ထိုဘာသာစကားကို ( ကမ္ဘာဦးလူသား၊ ဗြဟ္မာ၊ သူတပါးတို့ စကားပြောသံကို မကြားရသေးသော ကလေးနှင့် တောတွင်း လူရိုင်း၊ မြတ်စွာဘုရား-) တို့ ပြောကြားကြသည်ဟု ပဒရူပသိဒ္ဓိကျမ်း၌ မိန့်ဆိုထားပေသည်။

ဗုဒ္ဓမြတ်စွာသည် မာဂဓဘာသာစကားဖြင့် တရားဒေသနာကို ဟောကြားခဲ့သည်ဟု ဆိုခဲ့၏။ ဤနေရာ၌ မာဂဓဘာသာစကား မတတ်သူ တရားနာ ဝေနေယျတို့မှာ တရားတော်ကို မည်သို့နားလည်နိုင်ပါသနည်းဟု မေးစရာရှိ၏။ အဖြေကား ဘုရားရှင်သည် မာဂဓဘာသာဖြင့်ပင် တရားတော်တို့ကို ဟောကြားတော်မူသည်မှာ အမှန်ပင်ဖြစ်သည်။ သို့ရာတွင် တရားနာယူသူ ပုဂ္ဂိုလ်တို့ကမူ မိမိတို့ဆိုင်ရာ ကိုယ်ပိုင်ဘာသာဖြင့်ပင် နားလည်ကြသည်။

ဥပမာ-ဒမိဠလူမျိုးတို့ကလည်း ဒမိဠဘာသာစကားဖြင့် ဟောကြားနေသည်ဟု ထင်ရသကဲ့သို့ အန္ဓက လူမျိုးတို့ကလည်း အန္ဓကဘာသာဖြင့်ပင် ဟောညွှန်ပြသဆိုဆုံးမနေသည်ဟု ထင်ရလေသည်။ ဤသို့ ထင်ရခြင်းသည်ပင် အစိန္တေယျဂုဏ်တော်လေးပါးတို့တွင် ၀ါစာအစိန္တေယျ ဂုဏ်တော်ဟူသော ဘုရားရှင်၏ တန်ခိုးအာနုဘော်ပင် ဖြစ်သည်ဟု ဣတိဝုတ္တက အဋ္ဌကထာစသော အဋ္ဌကထာကျမ်းများစွာ၌ မိန့်ဆိုထားသည်။

ဒီလောက်ဆိုရင်တော့ သိချင်တဲ့ဗဟုသုတ ပြည့်စုံလိမ့်မယ်လို့ ထင်ပါတယ်။ စာဖတ်ပရိသတ်အားလုံး ကိုယ်စိတ်နှစ်ပါးချမ်းသာကာ လိုရာဆန္ဒပြည့်ဝပြီး ပန်းတိုင်ကို လျင်မြန်စွာလျှောက်လှမ်းနိုင်ပါစေလို့ ဆန္ဒပြုလျက်.....။