Wednesday, October 31, 2012

ရခိုင်လူမှုရေးအဖွဲ့အစည်းများကျယ်ကျယ်ပြန့်ပြန့်ဖွဲ့စည်း

အဆိုပါ အခမ်းအနားကို ယနေ့ နေ့လည် ၁နာရီမှ ညနေ၄ နာရီထိ ရန်ကုန်မြို့ရှိ ရခိုင်ပြည်နယ် ဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။
“ အခု ရန်ကုန်မှာရှိတဲ့ လူမှုရေးအသင်းအဖွဲ့တွေ၊ ကယ်ဆယ်ရေးအဖွဲ့တွေဟာ သွားနေကြတဲ့ လမ်းကြောင်း ဟာ ရခိုင်ပြည်ကို ကယ်ဆယ်မယ်ဆိုပြီး ဦးတည်ချက်တော့ တူတယ်။ ဒါပေမယ့် နက်ဝါး ( Network) မရှိဘူး။ ဥပမာ စစ်တွေမှာဆိုရင် စစ်တွေဘက်ကိုပဲ ဦးတည်သွားကြတယ်။ တကယ် လိုအပ်တဲ့ နေရာတွေကို မရောက်တာ တွေရှိတယ်။ ဒါကြောင့် ကျနော်တို့က အခုလို ကွန်ယက် တစ်ခုကို လုပ်တာပါ။ ကွန်ယက် လုပ်လိုက်ခြင်းအားဖြင့် တဖွဲ့နဲ့တဖွဲ့ တယောက်နဲ့တယောက် ပူးပေါင်း တိုင်ပင်ပြီးတော့ လုပ်ရတော့ ပိုပြီး အောင်မြင်မှာဖြစ်လို့ အခုလို လုပ်ရတာပါ”  ဟု ရန်ကုန် ရခိုင်ရေးရာ ၀န်ကြီး ဦးဇော်အေးမောင်က နိရဉ္စရာသို့ ပြောသည်။
ယခုကွန်ယက်အနေဖြင့် လုပ်ဆောင်နိုင်မည့် အတိုင်းအတာကိုလည်း ဦးဇော်အေးမောင်က ရှင်းပြသည်။
“ အများကြီးလုပ်နိုင်ပါတယ်။ ဥပမာ ပြောရရင် တသင်း တဖွဲ့တည်း လုပ်နေတာထက် စာရင် အဲဒီ တဖွဲ့ချင်းစီရဲ့ လုပ်အားကို စုလိုက်တဲ့အခါ ပိုပြီးတော့ ထိရောက်မှုရှိပါတယ်။ ပိုပြီး အောင်မြင်မူ ရှိမှာပါ” ဟု ဆိုသည်။
အဆိုပါအခမ်းအနားသို့ ရတပပါတီမှ ဥက္ကဌ ဒေါက်တာအေးမောင်၊ အထွေအထွေအတွင်းရေးမှူး ဦးဦးလှစော၊ ALD ပါတီ ရန်ကုန်တိုင်း ဥက္ကဌ ဦးဦးလှမြင့်၊ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်နှင့် တခြားအဖွဲ့အစည်းအသီးသီး မှ ခေါင်းဆောင်၊ ကိုယ်စားလှယ်များ၊ ရခိုင် အမျိုးသား စုစုပေါင်း ၃၀၀ ခန့် တက်ရောက်ခဲ့သည်။
အခမ်းအနား တက်ရောက်လာသူများထံမှ ဆန္ဒသဘောထားကောက်ခံပြီး ပြောရေးဆိုခွင့်ရှိသူ ၂၇ ဦးဖြင့် ကွန်ယက်ကို ဦးစွာ ဖွဲ့စည်းခဲ့သည်။
၎င်းတို့မှာ – ဦးအောင်လှထွန်း (ရွိက်တာ သတင်းဌာန)၊ ဒေါက်တာအေးမောင်(RNDP ဥက္ကဌ)၊ ဦးစောမောင် (ဥပဒေပညာရှင်)၊ ဦးဦးသန်းမောင် (ဥပဒေ ပညာရှင်) ၊ ဒေါက်တာစံ လှကျော်၊ ဒေါ်စောခင်မြင့် (စာ-ယဉ် ဥက္ကဌ)၊ ဦးဇော်အေးမောင် (ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး)၊ ဦးဘရှိန် (ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်)၊ ဦးကျော်စိန်၊ ဦးဘရွှေ (အင်ဂျင်နီယာချုပ် အငြိမ်းစား)၊ ဦးသာပွင့် (စစ်တွေ)၊ ဦးသန်းထွန်း (ကျောင်းဆရာ)၊ ဦးငြိမ်းချမ်းမောင် (ကျောက်ဖြူ)၊ ဒေါ်နုမြဇံ (ဒု-ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား)၊ ဦးလှမောင်သိန်း (ရခိုင်သဟာယအသင်း ဥက္ကဌ)၊ ဦးကျော်ဝင်းချေ (ရခိုင်အမျိုးသား ကွန်ယက် ဒု-ဥက္ကဌ)၊ ဦးဘိုမင်းဖြူ (ပြည်နယ် ဒု-ညွန်ကြားရေးမှူး အငြိမ်းစား)၊ ဒေါက်တာ ကျော်ကျော်အောင်၊ ဦးသိန်းဖေ၊ ဦးခိုင်ကျော်မိုး၊ ဦးကျော်ဝင်းခိုင်၊ ဦးအောင်ကျော်စိန် (ရှေ့နေ)၊ ဒေါ်အေးနုစိန် (ရှေ့နေ)၊ ဦးဦးလှမြင့် (ALD ရန်ကုန်တိုင်း ဥက္ကဌ)၊ ဦးဖေသိန်း၊ ဦးမြင့်မောင်ဌေး တို့ဖြစ်သည်။
၎င်း ပြောရေးဆိုခွင့်ရှိသူများအပြင် ရန်ကုန်တိုင်း မြို့နယ်အသီးအသီးတွင်ရှိသော ရခိုင် အဖွဲ့အစည်း အများအပြားမှာ တာဝန်ရှိသူများလည်း ပါဝင်ကြသည်ဟု သိရသည်။
နာယကအဖွဲ့တွင် တင်မြှောက်ခံရသူ ရုပ်ရှင်မင်းသားကြီး ဦးအောင်လွင်ကလည်း ပိုမိုထိထိရောက်ရောက် လုပ်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ယခုလို ပြောသည်။
“ ရန်ကုန်မှာ ရောက်နေတဲ့ အဝေးရောက် ရခိုင်တွေအနေနဲ့ စုပေါင်းပြီးတော့ ရခိုင်ပြည်သူ အရေးကို ထိထိ ရောက်ရောက် လုပ်နိုင်လိမ့်မယ် လို့ မျှော်လင့်ပါတယ်”  ဟု ပြောသည်။
ဒေါက်တာ အေးမောင်ကလည်း ကွန်ယက်ဖွဲ့စည်းခြင်းဖြင့် ထိရောက်မူ ရှိနိုင်ကြောင်းကို နိရဉ္စရာသို့ ယခုလို ပြောသည်။
“ ဒီကွန်ယက်ကို ဖွဲ့တာကတော့ ကျယ်ပြန့်မှာပါ။ ကဏ္ဍပေါင်းစုံ ရှိမှာပေါ့နော်။ ဥပမာ နိုင်ငံရေး အဖွဲ့ ရှိမယ်၊ သမိုင်းနဲ့ ပတ်သက်လို့ရှိမယ်။ ယဉ်ကျေးမှုနဲ့ ပတ်သက်လို့ရှိမယ်။ တခြား ကဏ္ဍတွေ အလိုက်လည်း ရှိမှာပေါ့။ ဒီလို ကဏ္ဍအလွှာလိုက် ရှိလာမှာပေါ့နော်။ ဒီလိုကွန်ယက် ပြောရေးဆိုခွင့်ရ အဖွဲ့ ဖွဲ့တာကို ကျနော်တို့က လက်ခံပါတယ်။ ဘာဖြစ်လို့လဲဆိုရင် အဖွဲ့အစည်း ပေါင်းစုံက လူတွေပါတော့ စုစည်းရတာလည်း လွယ်ပါတယ်။ ဥပမာ ရခိုင်အရေးနဲ့ ပတ်သက်ပြီးတော့ ကိစ္စတခု ပေါ်လာရင် ကိုယ့်နေရာနဲ့ကို ပြောရေးဆိုခွင့်ရှိသူ အလိုက် လုပ်လို့ရတယ်။ မလုပ်ခင်မှာလည်း ကျနော်တို့က နိုင်ငံရေး အရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ ယဉ်ကျေးမှုအရ ဖြစ်စေ ကြိုတင် တိုင်ပင်ပြီး ဆုံးဖြတ်လုပ်လို့ရတာပေါ့။ ဆိုတော့ ဒီလိုလုပ်ရတာဟာ ပိုပြီးတော့ ထိရောက်တယ်လို့ ကျနော် ယူဆပါတယ်” ဟု ဆိုသည်။
ယခု အအခမ်းအနားတွင် တက်ရောက်လာသူများက သူ့အမြင် ကိုယ့်အမြင် သဘောထားများကို ပွင့်ပွင့် လင်းလင်း ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေး တင်ပြခဲ့ကြသည်။
ရန်ကုန်ရောက် ရခိုင်ခေါင်းဆောင်များ၊ ရခိုင်အဖွဲ့အစည်း အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရခိုင်အရေး စိတ်ဝင်စားသူများ စုပေါင်းကာ ကွန်ယက်တခုကို ဖွဲ့စည်းလိုက်သည်။

ရခိုင်ဒုက္ခသည်များ ဘုန်းကြီးကျောင်းများတွင်ခိုလှုံနေကြရ

 မြောက်ဦးမြို့နယ် ကျေးရွာ တချို့မှ ပြည်သူ ၃၀၀၀ ခန့်သည် မြောက်ဦးမြို့ပေါ်ရှိ ဘုန်းတော်ကြီး ကျောင်းများတွင် ခိုလုံနေကြသည်ဟု သိရသည်။
“ ပုရိန်ကုန်း၊ ယိုင်သည်နဲ့  ကျောက်တွင်းကုန်းကျေးရွာတွေက ဒုက္ခသည်တွေ ဖြစ်ပါတယ်။ စုစုပေါင်း ၂၀၀၀ ကျော် ၃၀၀၀ နီးပါးခန့် ရှိနေပါတယ်။ အဲဒီရွာတွေက မူဆလင် ရွာတွေနဲ့ နီးတော့ လုံခြုံရေး စိတ်မချရတဲ့ အတွက် မြို့ပေါ်ကို ပြောင်းရွှေ့လာကြတာပါ ” ဟု အလိုတော်ပြည့် ကျောင်းဆရာတော် ဦးတေဇောသာရက ပြောသည်။
ရခိုင် ဒုက္ခသည် ၈၀၀ ခန့်မှာ အလိုတော်ပြည့်ကျောင်းတွင် နေရာချထားပြီး ကျန် ဒုက္ခသည်များကို ရွှေဂူတောင် ကျောင်း၊ အောာင်ရတနာ ကျောင်း၊ လက်ကောက်ဈေး ကျောင်းနှင့် ရွှေကြာသိမ် ကျောင်းများတွင်လည်း နေရာချပေးထားကြောင်း ဆရာတော်က မိန့်ကြားသည်။
“ အခုကတော့ တိုးတက်ရေး ပါတီနဲ့ ကြံ့ခိုင်ရေးက ဆန်တွေ ကူညီတာ ရှိသလို အင်းပေါက်ဝကလည်း ကျပ် ၁၀  သိန်း ကူညီတာကို ဦးဇင်းတို့ လက်ခံရရှိပါတယ်။ အစိုးရပိုင်းနဲ့ နိုင်ငံတကာက အကူအညီတွေတော့ မရသေးပါဘူး။ အကူအညီတွေတော့ လိုအပ်နေပါတယ်” ဟု ဆရာတော်က မိန့်ကြားသည်။
မြောက်ဦးမြို့နယ်တွင် အခြေအနေ တည်ငြိမ်နေသော်လည်း နောင်တွင် ပြဿနာများ ဆက်ဖြစ်လာမည်ကို အများက စိုးရိမ်နေကြသည်ဟု သိရသည်။
မြောက်ဦးမြို့နယ်တွင် ပုရိန်၊ ယိုင်သည်၊ နာဂရာ စသည့် ကျေးရွာများတွင် ရခိုင်နှင့် မွတ်ဆလင်များ အကြား အပြန်အလှန် တိုက်ခိုက်မူများ ပေါ်ပေါက်ခဲ့ပြီး လူအသေအပျောက်များလည်း ရှိခဲ့ကြောင်း သိရသည်။