မြန်မာစကားထဲမှာ ၀ံသာနုစိတ်ဓာတ် လို့ခေါ်တဲ့ဝေါဟာရတခုရှိပါတယ်။
အဲဒါက ပါဠိကဆင်းသက်လာတဲ့ ပါဠိသက် ဝေါဟာရတခုဖြစ်ပါတယ်။
ပါဠိစကား ၀ံသ (= အမျိုး) နဲ့ အနုရက္ခိတ (= စောင့်ရှောက်ခြင်း) ဆိုတဲ့ စကား ၂ လုံးကို ပေါင်းစပ်ထားတာပါ။
မူလပါဠိစကားအပြည့်ကတော့ ၀ံသာနုရက္ခိတ ဖြစ်ပြီး မြန်မာမှုပြု လိုက်ပြီးတဲ့နောက် မှာတော့ ၀ံသာနု ရယ်လို့ဖြစ် လာတာပါ။
မြန်မာနိုင်ငံလွတ်လပ်ရေးကြိုးပမ်းစဉ်ကာလတုံးက လူမျိုးခြားအင်္ဂလိပ်ကို အထင်ကြီးပြီး အင်္ဂလိပ်စာနဲ့ အင်္ဂ လိပ်စကားကိုမှ လူရာသွင်းကြတဲ့ ထိုခေတ်က မြန်မာ့လူ့ဘောင်အတွင်း မိမိတို့ရဲ့ကိုယ်ပိုင် ဘာသာစကား နဲ့စာပေကို ချစ်မြတ်နိုးပြီး မြန်မာစကား မြန်မာစာကို သုံးနှုန်းပြော ဆိုကြဘို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မြန်မာ ၀ံသာနု အဖွဲ့ဆိုပြီး ပေါ်ပေါက်လာခဲ့တာ သမိုင်းစာ မျက်နှာများမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
မွန်ဘာသာစကားမှာ စကားပုံတခုရှိပါတယ်။
အဲဒါကဘာလဲဆိုတော “မြမောဝ်ဇေတ် ဟွံထောံသ္မူ၊ မ္နိဟ်ဇေတ် ဟွံထောံ ဂကူ“ ဆိုတဲ့စကားဖြစ်ပါတယ်။
အဓိပ္ပါယ်ကတော့ “နံ့သာစစ်မှန်လျှင်အနံ့ကိုမပစ်၊ လူစစ်မှန်လျှင် အမျိုးကိုမပစ်“ လို့ အဓိပ္ပါယ်ရပါတယ်။
ဆိုလိုတာက လူဆိုတဲ့ အသိစိတ်ဓာတ်ရှိသူတွေဟာ အမျိုးကို ချစ်တဲ့စိတ်၊ ၀ံသာနုစိတ်ထားရှိရမယ်လို့ ဆိုလိုတာပါ။
မြတ်စွာဘုရားကိုယ်တော်တိုင်သော်မှ ပါရမီ ဖြည့်ကျင့်တော်မူခဲ့ရာ ကာလတလျှောက် သူဖြစ်လေရာဘ၀မှာ သူ့အမျိုးကို သူစောင့်ရှောက်ခဲ့တဲ့သာဓကတွေ အမြောက်အမြားရှိခဲ့ပါတယ်။
ခွေးဘ၀မှာ တခါဖြစ်တော့ ရှင်ဘုရင်ရဲ့အသုံး အဆောင်သားရေပစ္စည်းတခုကို စည်းမစောင့်တဲ့ခွေးတကောင်ကကိုက်မိတာနဲ့ ခွေးတွေ အားလုံးမင်းအမျက်သင့်လို့ မျိုးတုံး သတ်ဖြတ်ခံကြရ တဲ့အခါမှာ ဘုရားအလောင်း ခွေးကနေပြီး သူ့အမျိုးတွေကို ကာကွယ်ခဲ့တဲ့သာဓက ဇာတ်တော်တွေမှာ ရှိခဲ့ပါတယ်။
အလားတူသာဓကတွေလဲ အမြောက်အမြားရှိပါတယ်။
ဒါကဘာကိုပြသလဲဆိုတော့ တိရစ္ဆာန် တွေတောင် ၀ံသာနုစိတ်ရှိကြတယ်ဆိုတာကိုပြတာပါ။
ဒါဆိုရင် လူတွေလဲ ၀ံသာနုစိတ်ရှိရမှာပေါ့။
သိင်္ဂါ လောဝါဒသုတ်လာ သားသမီး ကျင့်ဝတ်ငါးပါးထဲမှာ “စောင့်လေမျိုးနွယ်“ ဆိုတာလဲ တပါးပါဝင် နေတာကို တွေ့မြင်ရပါတယ်။
တရုတ်တွေက သူတို့အမျိုးကို သူတို့စောင့်ထိန်းကြတယ်။ သူတို့လူမျိုးတွေချင်းပဲ အိမ်ထောင်ပြုကြတာ အများစုတွေ့နိုင်ပါတယ်။
လူမျိုးခြားကိုအိမ်ထောင်ပြုမိရင် အဲဒီလူဟာအမျိုးတွေကြား မျက်နှာငယ်အထင် သေးခံရပြီး တချို့ဆိုဆွေမျိုး စာရင်းကတောင် အထုတ်ခံရတဲ့အထိပါ။ ဒါသူတို့ရဲ့ ၀ံသာနုစိတ်ဓာတ်ပါ။
ကုလား တွေလဲ ထိုနည်းတူပါပဲ။
ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေအနေနဲ့ အစွန်းရောက်စိတ်ဓာတ် မထားရှိသင့်ပေမယ့် အမျိုးကိုစောင့်တဲ့ ၀ံသာနု စိတ်ကလေးတော့ ရှိသင့်ကြပါတယ်။
အခုနောက်ပိုင်း မြန်မာလူငယ်တွေ အကြောင်းအမျိုးမျိုးကြောင့် ပြည်ပထွက်လာတာများတော့ ၀ံသာနု အရေးကိစ္စဟာ အင်မတန်အရေးကြီးလာပါတယ်။
ဝံသာနုစိတ်ဓာတ် ဘာသာရေးအသိစိတ်ဓာတ် ရေခံမြေခံ ကောင်းခဲ့သူတွေကတော့ ရေခြားမြေခြားမှာ ဘယ်လိုအကြောင်းကြောင့်ပဲ ရောက်ရှိနေပါစေ ကိုယ်နဲ့အသွင်တူ ယဉ်ကျေးမှုစရိုက်လက္ခဏာတူတဲ့ ကိုယ့်လူမျိုးကိုပဲ မရရအောင်ရှာပြီး အိမ်ထောင်ဖက် ရွေးချယ်ကြပါတယ်။
ဒါဟာဝံသာနုစိတ်ဓာတ်ပါပဲ။
တချို့ကျတော့လဲ ဖူးစာရေစက်ကို အကြောင်းပြပြီး ကြုံတဲ့နေရာမှာ ကြုံရာ လူမျိုးခြားနဲ့အိမ်ထောင်ပြုကြပါတယ်။
သူတို့ရဲ့အကြောင်းပြချက်ကတော့ ဖူးစာပေါ့တဲ့။
ထားပါတော့ ဖူးစာဆိုလို့ရှိရင်လဲ။ ကြုံသလိုယူခဲ့ရတဲ့ကိုယ့်ရဲ့အိမ်ထောင်ဖက်ကရော ဘယ်လောက် flexible ဖြစ်သလဲ။
ဒါကိုလဲဆန်းစစ်ရပါမယ်။
လူမျိုးကွဲပါစေ၊ ကိုးကွယ်တဲ့ဘာသာတူရင်တော့ ပြဿနာအထွေ အထူးမရှိပါဘူး။
ဘာသာမတူရင်တော့ flexible ဖြစ်ရေးမဖြစ်ရေးက စကားပြောလာရပါပြီ။
လွတ်လတ် မှုကိုအလွန်တရာတန်ဘိုးထားတဲ့ ခေတ်ကြီးထဲမှာ ကိုယ့်ရဲ့အိမ်ထောင်ဘက်က ဘာသာတရားနဲ့ပတ်သက်လို့ လွတ်လတ်မှု ပေးထားရင်တော့ တော်ပါသေးရဲ့။
ဒီလိုမှမဟုတ်ဘဲ ဘိုးဘွားမိဘကစပြီး ကိုးကွယ်ယုံကြည် လာခဲ့တဲ့ မိမိရဲ့ဘာသာတရားကို အတင်းအကြပ်စွန့်ပစ်စေပြီး သူ့ဘာသာတရားထဲ သွတ်သွင်းတာမျိုး ဆိုရင်တော့ မိဘတွေအနေနဲ့ သားသမီးလဲဆုံး၊ ဘာသာလဲဆုံးတဲ့ မိအေးနှစ်ခါနာ ဖြစ်ကြရပြီပေါ့။
တလောကပဲ မတွေ့ဖြစ်တာအတော်ကြာခဲ့တဲ့ အသိဒကာမတယောက် သူ့အမျိုးသား ဂျာမာန်တယောက်နဲ့ စာရေးသူကို လာတွေ့ကြပါတယ်။
သူနေတဲ့မြို့ကနေ ၄ နာရီကြာကားမောင်းပြီး လာရတယ်လို့ဆိုတယ်။
သူ့အမျိုးသားကတော့ ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး မြန်မာပြည်မှာလဲ ရဟန်းဝတ်ဖူးပါတယ်။
အခုလဲ အမြဲတမ်း ၀ိပဿနာတရား အားထုတ်တယ်လို့ဆိုတယ်။
သူကလဲရဟန်းတော်တွေနဲ့တွေ့ရင် မြန်မာတွေလိုပဲ ရိုရိုသေ သေဦးချရှိခိုးပြီး တရားအကြောင်းပဲ အမြဲပြောဖြစ် ဆွေးနွေးဖြစ်ပါတယ်။
ဒီလိုအိမ်ထောင်ဖက်မျိုးကတော့ ဘာမှပြောစရာမရှိပေမယ့် သူပြောတဲ့သူ့မိတ်ဆွေအကြောင်း ကြားရတော့ အတော်လေး စိတ်မသက် မသာဖြစ်ရပါတယ်။
သူ့မိတ်ဆွေ မန္တလေးကမြန်မာအမျိုးသမီးကတော့ မျိုးရိုးအစဉ်အဆက် ဗုဒ္ဓဘာသာဝင်ဖြစ်ပါလျက်နဲ့ ခရစ် ယာန်ဘာသာဝင် ဂျာမာန်တယောက်နဲ့ညားပြီး ခရစ်ယာန်ဘာသာထဲကို ပြောင်းသွားရှာပါသတဲ့
ဒါတင် ဘယ်ကမလဲ။
မြန်မာပြည်က ပါလာတဲ့သူ့ကလေးကိုလဲ ခရစ်တော်ထဲကို အတင်းသွတ်သွင်းလိုက်ပါသတဲ့။
ဟိုနေ့ကသူတို့လာတာ အဲဒီအမျိုးသမီးက သူ့သားလေးကို ခရစ်ယာန်ဘုရားကျောင်းမှာ နှစ်ခြင်းပေး အခမ်းအနားအတွက် တက်ရောက်ဘို့ ဖိတ်ခေါ်လိုက်တယ်ဆိုပဲ
။ ကြားရ နားဝမချမ်းသာလိုက်ပါဘိ။
ဒီလို လူမျိုးတွေကတော့ “ စောင့်လေမျိုးနွယ်“ ဆိုတဲ့စကားကို မြင်ရင်ကြက်ခြေခတ်ဖျက်ပစ်မယ့်ပုံပါပဲ။
သူ့မိဘ တွေကလဲ အလည်အပတ်ဗီဇာနဲ့ ရောက်ရှိနေတော့ သမီးနဲ့မြေးအတွက် နှစ်ယောက်လုံး ရင်ထုမနာ ဖြစ်နေကြတယ်လို့ဆိုပါတယ်။
သူ့မိဘမပြောနဲ့လေ... ကိုယ်တောင်မှကြားရတာ စိတ်မသက်မသာ ဖြစ်ရ တာပဲ။
ဖူးစာလို့ပြောတယ်ဆိုရင် ဖူးစာလို့ပဲထားပါ။ ဘာသာတရားကိုစွန့်တာက ဖူးစာနဲ့ဘာမှမဆိုင်ပါဘူး။
ဝံသာနု စိတ်နဲဆိုင်ပါတယ်။
မျိုးရိုးစဉ်ဆက် ကိုးကွယ်ခဲ့တဲ့ဘာသာတရားကို မစောင့်ထိန်းဘဲစွန့်ပစ်တာဟာ ၀ံသာနု စိတ်ခေါင်းပါး တာပဲဖြစ်ပါတယ်။
ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေ ဘယ်နေရာရောက်ရောက်၊ ကြုံတဲ့နေရာမှာ ကြုံ သလိုအိမ်ထောင်ပြုကြတယ်ပဲဖြစ်ဖြစ် မျိုးရိုးစဉ်ဆက် ယုံကြည် ကိုးကွယ်လာခဲ့တဲ့ ဗုဒ္ဓဘာသာတရားကိုတော့ နောက်ဆုံး ထွက်သက်အထိ စောင့်ထိန်းသွားကြဘို့ ၀ံသာနုစိတ်ရှိကြဖို့ ဒီစာကို ရေးလိုက်တာပါ။
အရှင်ရတန
(ဒီဆောင်းပါးဟာ သူရိယ မဂ္ဂဇင်းမာဖတ်ရတဲ့ ဆရာတော်အရှင်ရတန ရဲ့ဆောင်းပါးပါ။ခွင့်ပြုချက်မယူနိုင်သည့်အတွက် တောင်းပန် ပါသည်။)

No comments:
Post a Comment